ကျောက်မဲမြို့နယ်အတွင်း ပန်ဟုန်းရွာတဝိုက်တွင် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်နေ

ကျောက်မဲမြို့နယ်အတွင်း ပန်ဟုန်းရွာတဝိုက်တွင် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်နေ
အောက်တိုဘာ 21, 2021 | နိုင်ငံရေး| ရှမ်းမြောက်

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့နယ် ပန်ဟုန်းကျေးရွာအနီးတစ်ဝိုက်တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ နံနက်အစောပိုင်းကစ၍ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး နေ့လယ်ပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံ အချက် (၃၀) ကျော် ကြားရသည်ဟု ဒေသခံများထံမှ သိရသည်။

ဒေသတွင်းရှိ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ပူးပေါင်းအဖွဲ့နှင့် RCSS/ SSA တို့အကြား ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများက ယူဆထားကြသည်။

လက်နက်ကြီးသံတွေကတော့ ဆက်တိုက်ပဲ။ အခု ထိတွေ့တိုက်ပွဲဖြစ်နေတာက ဒီရွာကနေ နှစ်မိုင်ကျော်လောက်ပဲ ဝေးတယ်ဆိုတော့ အတိုင်းသားကြားနေရတယ်။ အခုဖြစ်နေတာကတော့ ပန်ဟုန်းရွာရဲ့ အပေါ်ဘက်ပေါ့။ ဟူးစွန်ကျေးရွာနဲ့လည်း နီးတာပေါ့။ မနက် နေမထွက်ခင်ကတည်းက ပစ်ခတ်နေတဲ့အသံတွေကြားနေရတာ နေ့လည်ပိုင်းအထိပဲ

ဟု တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကျေးရွာဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကစတင်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် RCSS/ SSA တို့ ထိတွေ့တိုက်ပွဲများ အကြိမ်များစွာဖြစ်ပွားခဲ့သည့်အတွက် ဒေသခံကျေးရွာများတွင် နေထိုင်နေသူများသည် လက်ရှိအချိန်ထိ ကာလရှည်ကြာ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

RCSS/ SSA ၏ တပ်စခန်းအထိုင်ချရာနေရာနှင့် အနီးဆုံးဖြစ်သည့် ပန်ဆန်ကျေးရွာမှ ဒေသခံ အိမ်ထောင်စု ( ၃၇ ) စုမှ လူဦးရေ စုစုပေါင်း (၁၃၈) ဦးမှာ မြို့အပေါ်ထိမတိမ်းရှောင်နိုင်သည့်အတွက် အနီးဆုံးရှိ ကြူရှော ( မြောက်ပိုင်း) ရွာအထိ တိမ်းရှောင်နေကြရခြင်းဖြစ်ပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားနေ၍ လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS/ SSA က SSPP/SSA ၏ နယ်မြေများကို သိမ်းထားသည်ဟုဆိုကာ တိုက်ပွဲများဖြစ်နေကြခြင်းဖြစ်ပြီး SSPP/SSA က ဒေသတွင်းရှိ TNLA နှင့် AA တို့ ဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့အဖြစ် ပူးပေါင်းထားခြင်းဖြစ်သည်။