ဖမ်းဆီးရမိသည့် အာဏာသိမ်းအဖွဲ့၏ စစ်သား၊ ရဲ၊ ဒလန်တို့ကို ကရင်နီပြည်ရဲဌာနက လူ့အခွင့်အရေးနှင့်အညီ ရှင်သန်ခွင့်ပေးကာ ထိန်းသိမ်းထား

ဖမ်းဆီးရမိသည့် အာဏာသိမ်းအဖွဲ့၏ စစ်သား၊ ရဲ၊ ဒလန်တို့ကို ကရင်နီပြည်ရဲဌာနက လူ့အခွင့်အရေးနှင့်အညီ ရှင်သန်ခွင့်ပေးကာ ထိန်းသိမ်းထား
အောက်တိုဘာ 16, 2021 | ကယား

အာဏာသိမ်းအဖွဲ့၏ စစ်ကြောရေးတွင် ဖမ်းဆီးခံပြည်သူများ သေဆုံးနေရချိန်တွင် ကယား(ကရင်နီ) ပြည်နယ် အတွင်း ဖမ်းဆီးရမိသည့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်သား၊ ရဲ၊ ဒလန်များကို တော်လှန်ရေးအဖွဲ့များနှင့် ကရင်နီပြည်ရဲဌာနတို့က လူ့အခွင့်အရေးနှင့်အညီ အသက်ရှင်သန်ခွင့်ပေး ထိန်းသိမ်းထားသည်ဟု သိရသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးထိန်းသိမ်းနေသည့် ကိစ္စနှင့်ပတ်သက်၍ ဒေသတွင်းမှ တော်လှန်ရေးအဖွဲ့များ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် တိုက်တွန်းပြီး  ပြည်သူအား အသိပေးသည့် သတင်းထုတ်ပြန်ချက်ကို ကရင်နီပြည်ရဲဌာနက ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့၌ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ပြည်နယ်တွင်းမှ ဖမ်းဆီးရမိသည့် အာဏာသိမ်းစစ်ကောင်စီဘက်တော်သားများကို တော်လှန်ရေးအဖွဲ့များနှင့် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လူ့အခွင့်အရေးနှင့်အညီ အသက်ရှင်သန်ခွင့်ပေး၍ ချုပ်နှောင်ထားကာ တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ကရင်နီပြည်ရဲဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန်ကိုလည်း တိုက်တွန်းထားသည်။

ယင်းအပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပါဝင်ပတ်သက်မှု လုံးဝမပြုလုပ်ကြရန်ကိုလည်း ကရင်နီပြည်ရဲဌာနက သတိပေးတိုက်တွန်းထားသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM ရဲ (၃၂၀) ဦးဖြင့် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေ့၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်နယ်တွင်း  ပြည်သူလူထု၏ လုံခြုံရေး တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ရဲဝန်ဆောင်မှုများပေးနေခြင်းဖြစ်သည်။