ကျောက်မဲမြို့တွင် အဝတ်အထည်လှည့်လည်ရောင်းချနေသည့် ညီအစ်ကိုနှစ်ဦးအား ဧည့်စာရင်းမတိုင်၍ အာဏာသိမ်းအဖွဲ့က ခေါင်းကို အဝတ်ဖြင့် စွပ်ကာ ဖမ်းဆီးသွား

ကျောက်မဲမြို့တွင် အဝတ်အထည်လှည့်လည်ရောင်းချနေသည့် ညီအစ်ကိုနှစ်ဦးအား ဧည့်စာရင်းမတိုင်၍ အာဏာသိမ်းအဖွဲ့က ခေါင်းကို အဝတ်ဖြင့် စွပ်ကာ ဖမ်းဆီးသွား
အောက်တိုဘာ 9, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အိမ်ငှားနေထိုင်ပြီး အဝတ်အထည်များ လိုက်လံရောင်းချနေသော ညီအစ်ကို နှစ်ယောက်ကို ဧည့်စာရင်းမတိုင်ကြောင်း တိုင်တန်းသည့်အတွက် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် စရဖတို့က  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ( ၈ ) ရက်နေ့ညပိုင်းတွင် ဖမ်းဆီးသွားပြီး ဆိုင်ကယ်ပါ သိမ်းဆည်းသွားသည်ဟု သိရသည်။

( ၆ )ရပ်ကွက်က အေးသီတာ တိုက်တန်းမှာ အခန်းငှားပြီးနေတဲ့ အဝတ်အထည်ရောင်းတဲ့ ညီအစ်ကို နှစ်ယောက်ကို စစ်တပ်နဲ့ စရဖက လာဖမ်းတာ။ (၆) ကွက် ရပ်ကွက်ဥက္ကဌက တိုင်လို့ လာဖမ်းရတာလို့ကြားတယ်။ ဖမ်းသွားတဲ့အချိန် အဲဒီကောင်လေး နှစ်ယောက်ကို ခေါင်းတွေကို အဝတ်တွေနဲ့စွပ်ပြီး လက်ထိပ်ခတ်၊ ရိုက်နှက်ပြီး ခေါ်သွားတာ

ဟု မြင်တွေ့လိုက်ရသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အသက် (၃၃)နှစ်အရွယ် ကိုနိုင်လင်းနှင့် အသက် (၂၅)နှစ်အရွယ် ကိုလွင်မိုးအောင်တို့သည် လွန်ခဲ့သည့် (၃)လဝန်းကျင်က ကျောက်မဲသို့ရောက်လာပြီး အဝတ်အထည်များ လှည့်လည်ရောင်းချ၍ အသက်မွေးဝမ်းကျောင်းလုပ်နေသူများဖြစ်ကြသည်ဟု သိရသည်။

ကျောက်မဲတွင် အိမ်ခန်းငှားသည့် ပိုင်ရှင်များက မိမိတို့နေအိမ်၊ တိုက်ခန်းများတွင် ငှားရမ်းနေထိုင်သူများ၏ အမည်နှင့် နေရပ် ၊ မှတ်ပုံတင်အမှတ် စသည်တို့အား စာရင်းကောက်ယူ ကာ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှုးများထံ စာရင်းပေးပို့ရမည်ဟု စက်တင်ဘာလအတွင်းက အာဏာသိမ်းအဖွဲ့၏ ရပ်ကျေးအုပ်ချုပ်ရေးများက အိမ်ရှင်များကို အသိပေးထားသည်ကို တွေ့ရသည်။

ကျောက်မဲမြို့နယ်အတွင်း CDM လုပ်ထားသည့် ဝန်ထမ်းများ၊ CDM ဝန်ထမ်းများ ကို အထောက်အကူပြု ကူညီနေသည်ဟု သံသယရှိသူများ နှင့် အိမ်ခန်းငှားနေထိုင်ပြီး ဧည့်စာရင်း မတိုင်ကြသူများအား စက်တင်ဘာလအတွင်းက စတင်၍ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် စရဖ ဖွဲ့က လိုက်လံဖမ်းဆီးနေခြင်းများ လုပ်ဆောင်လျက်ရှိသည်။