တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းက We Support NUG  စာတန်းအားလုံးကို ရဲ(၃)ဦးက လာဖျက်

၂၁.၉.၂၀၂၁ ရက်နေ့တွက် ဖျက်ဆီးခံလိုက်ရသည့် ပုံ
၂၁.၉.၂၀၂၁ ရက်နေ့တွက် ဖျက်ဆီးခံလိုက်ရသည့် ပုံ
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းက We Support NUG  စာတန်းအားလုံးကို ရဲ(၃)ဦးက လာဖျက်
စက်တင်ဘာ 21, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း  ပြည်သူ့ဆေးရုံအနောက်ဘက် ဘိုးဘွားရိပ်သာသို့သွားသည့် လမ်း နှင့်  ရတနာလမ်းထိပ်ရှိ အုတ်တံတိုင်းတွင် We Support NUG စာတန်းတစ်ခုလုံးကို ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်(၁၀)နာရီမထိုးမီအချိန်က ရဲ(၃)ဦးက လာရောက်ပြီး ဖျက်ဆီးလိုက်ကြောင်း သိရသည်။

အာဏာသိမ်းကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို CRPH က ဖွဲ့စည်းလိုက်ပြီးနောက် တာချီလိတ်မြို့မှ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်ကြသူများက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံ  ကြိုဆိုကြောင်း ပြသသည့်အနေဖြင့်   We Support NUG စာတန်းကို ရေးချယ်ပုံဖော်ထားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၉)ရက်နေ့က We Support NUG စာတန်းထဲက NUG စာလုံးကို ဖျက်ဆီးခံရသည်။

ယင်းသို့ ဖျက်ဆီးခံရမှုကြောင့် စက်တင်ဘာလ(၂၀)ရက်နေ့တွင် စစ်အာဏာသိမ်းမှုကို လက်မခံနိုင်သူများက ထပ်မံပြီး NUG စာလုံးကို ထပ်မံရေးချယ်လိုက်သော်လည်း ယနေ့ စက်တင်ဘာလ(၂၁)ရက်နေ့တွင် တာချီလိတ်ရဲတပ်ဖွဲ့မှ ရဲ(၃)ဦးက လာရောက်ပြီး ဖျက်ဆီးလိုက်ကာ ဖျက်ပြီးချင်း တခါတည်းမပြန်သေးဘဲ တစ်နေရာကနေ ကားထဲက စောင့်ကြည့်နေသည်ဟုလည်း သိရသည်။

 တာချီလိတ်မြို့ရှိ ရဲတပ်ဖွဲ့များမှာ ဒေသအတွင်း ခိုးမှု၊  လုယက်မှုများ၊ ရပ်ကွက်အတွင်း လောင်းကစားများစသည့် ဒုစရိုက်မှုများ မနှိမ်နင်းဘဲ စစ်တပ်က ခိုင်းသည်များကိုသာ ဦးစားပေးလုပ်ဆောင်နေသည်ဟု မြို့မိမြို့ဖများနှင့် ဒေသခံများအကြား ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။