ပအိုဝ်းဒေသ ဆီဆိုင်နှင့် ဟိုပုံးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီးတို့ဖြင့်ပါ ပစ်ခတ်

ပအိုဝ်းဒေသ ဆီဆိုင်နှင့် ဟိုပုံးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီးတို့ဖြင့်ပါ ပစ်ခတ်

 ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့တို့ကို  စစ်ကောင်စီတပ်က လေကြောင်း ပစ်ခတ်မှုနှင့်အတူ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့်  လူနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က   ၂၀၂၄ ခုနှစ် မတ်လ(၁)ရက်နေ့ ညပိုင်းတွင် တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံး(၄)ကြိမ် ကြဲပြီး တိုက်ခိုက်ခဲ့သည်ဟု PNLA က ယနေ့ မတ်လ(၂)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

ယနေ့ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင်လည်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကို စစ်ကောင်စီတပ်က အတွဲလိုက်ပစ်ဒုံးများ၊ လက်နက်ကြီးများဖြင့် အကြိမ်(၆၀)ကျော် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ဟိုပုံးမြို့နယ် ပုံးအယ်ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပုံးအယ်ဘုန်းတော်ကြီးကျောင်းမီးလောင်ပျက်စီးခဲ့သည်။

စစ်ကောင်စီသည် ပအိုဝ်းတိုင်းရင်းသားတို့၏ မြို့၊ ကျေးရွာများ၊ အထွဋ်အမြတ်ထားရာ ဘာသာရေးအဆောက်အဦးများကို နေ့စဉ်တိုက်ခိုက်ဖျက်ဆီးနေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေသည်ဟု သိရသည်။

Photo: PNLA News & Information Department