တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူများထဲက သတ်မှတ်ရက်ပြည့်သွားသည့် (၆၈)ဦး  နေအိမ်ပြန်ခွင့်ရ

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူများထဲက သတ်မှတ်ရက်ပြည့်သွားသည့် (၆၈)ဦး  နေအိမ်ပြန်ခွင့်ရ
သြဂုတ် 24, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရပြီး ကျန်းမာရေးအခြေအနေအရ ဆေးရုံတက်ရန်မလိုဘဲ Covid-19 စောင့်ကြည့်စင်တာများတွင် သတ်မှတ်ရက်အတိုင်း နေထိုင်ရပြီး ရက်ပြည့်သွား၍ ယနေ့ ဩဂုတ်လ(၂၄)ရက်နေ့တွင် (၆၈)ဦး နေအိမ်ပြန်ခွင့်ရရှိကြောင်း သိရသည်။



နေအိမ်ပြန်ခွင့်ရရှိသွားသူများမှာ တာချီလိတ်မြို့ ဝမ်လုံး Covid-19 စောင့်ကြည့်စင်တာမှ စောင့်ကြည့်ထားသည်များထဲက လာအိုပြန်ပိုးတွေ့ (၁၅)ဦး၊ ဝမ်ကောင်းရပ်ကွက် ဓမ္မသစ္စာကျောင်းတိုက်မှ သံဃာ(၃)ပါး၊ ကိုရင်(၉)ပါးနှင့် ကျောင်းသား(၃)ဦး စုစုပေါင်း (၁၅)ဦး၊ မြို့တွင်း ရပ်ကွက်များမှ (၂၁)ဦး နှင့် မိုးလုံလေလုံအားကစားရုံ Covid-19 စောင့်ကြည့်ဆောင်မှ (၁၇)ဦး စုစုပေါင်း (၆၈)ဦး ဖြစ်သည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ဆေးရုံတက်ရန်မလိုသူများကို Covid-19 စောင့်ကြည့်စင်တာများဖြစ်သည့် မိုးကုတ်ရိပ်သာ၊ အားကစားရုံနှင့် ဝမ်လုံးတို့တွင် (၁၁)ရက်ထားရှိပြီး သတ်မှတ်ရက်ပြည့်ပါက နေအိမ်ပြန်ခွင့်ပေးနေခြင်း ဖြစ်သည်။

Covid-19 စင်တာများတွင် နေထိုင်ရသူများမှာ တာချီလိတ်ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် ကျပ်(၁၀,၀၀၀)ပေး၍ စစ်ဆေးရာမှ ပိုးတွေ့သူများသာ ဖြစ်ပြီး နေအိမ်တွင် မိမိအစီအစဉ်ဖြင့် စစ်ဆေး၍ ပိုးတွေ့သူများနှင့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများတွင် စစ်ဆေးပြီး ပိုးတွေ့ရသူများမှာ နေထိုင်ခွင့်မရကြောင်းနှင့် Fever Clinic မှ စစ်ဆေးမှသာ အကြုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:  Covid-19 စောင့်ကြည့်စင်တာများ