ဘောလခဲ နှင့် မက်စလောင်းတောင်အကြား (၁၀)မိနစ်အကြာ တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က (၃)ဦး သေ

ဘောလခဲ နှင့် မက်စလောင်းတောင်အကြား (၁၀)မိနစ်အကြာ တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က (၃)ဦး သေ
သြဂုတ် 22, 2021 | နိုင်ငံရေး| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲမြို့ နှင့် မက်စလောင်းတောင်အကြား ယနေ့ ဩဂုတ်လ(၂၂)ရက်နေ့ နံနက်ပိုင်းက (၁၀)မိနစ်အကြာ ဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖက်က (၃)ဦးသေဆုံးပြီး (၂)ဦး ပြင်းထန် ဒဏ်ရာ ရရှိသွားကြောင်း KNDF က သတင်းထုတ်ပြန်လာသည်။

အင်အားများဖြင့် ထိုးစစ် ဆင်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်အား ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF )တို့မှ ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်ဖက်က တိုက်ပွဲဖြစ်ပွားရာ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ အနီးတဝိုက်တွင် ဒရုန်း(Drone)ဖြင့် ကင်းထောက်မှုများအပြင် လမ်းကင်းချမှုများ နှင့် စစ်ကြောင်းထိုးမှုများကို ဆက်တိုက်ပြုလုပ်နေလျက်ရှိပြီး တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားပြည်သူများကို ဖမ်းဆီးမှုများရှိခဲ့ရာ ယနေ့အချိန်အထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်းလည်း သိရသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်များက ဖယ်ခုံမြို့နယ်၊ ပင်ပုံ၊ လယ်ဟွဲ နှင့် ‌ရွှေပြည်အေးတို့တွင် တပ်စွဲထားပြီး တာဝါတိုင်လုံခြုံရေးအကြောင်းပြကာ ယနေ့ နံနက်ပိုင်းကလည်း အနီးအနားရှိ ရွာများဘက်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုများလည်း လုပ်ဆောင်ကြောင်း သိရသည်။



အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းအဖြစ်  စစ်ကြောင်းလမ်းကြောင်းတစ်လျှောက်တွင်ရှိသော ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးမှုများ လုပ်ဆောင်နေလျက်ရှိသလို ညှင်းပမ်း နှိပ်စက်ခြင်း၊ ဓါးစာခံအဖြစ် လုပ်ဆောင်ခြင်း၊ လူသားဒိုင်အဖြစ် အသုံးပြုခြင်းနှင့် ချိန်းခြောက်ခြင်းများပြုလုပ်သည့်အပြင် နေအိမ်များကို ဖောက်ထွင်းဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို အဓ္ဓမ သိမ်းပိုက်ခြင်းများ လုပ်ဆောင်နေလျက်ရှိကြောင်းကို တွေ့ရှိ ကြားသိရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၂)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။