လွိုင်ကော်မြို့နယ် စည်ပင်ရုံး ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦး အမိုးပွင့်သွားပြီး လူတစ်ဦး ဒဏ်ရာရ

လွိုင်ကော်မြို့နယ် စည်ပင်ရုံး ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦး အမိုးပွင့်သွားပြီး လူတစ်ဦး ဒဏ်ရာရ
သြဂုတ် 4, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးဌာနရုံးအတွင်း ၂၀၂၁ ခုနှစ် သြဂုတ်လ (၃) ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦး အမိုးပွင့်ပျက်စီးသွားပြီး ညစောင့် ဒဏ်ရာရသွားကြောင်း သိရသည်။

" ညကတည်းက ဗုံးပေါက်တယ်လို့ ကြားတယ်။ ဒီမနက်မှ ဖြတ်သွားကြည့်တာ အဆောက်အအုံက အမိုးတွေပါ ပြုတ်ထွက်ပြီး ပျက်ဆီးနေတယ်။ လူကတေ့ာ ရုံးစောင့်တစ်ယောက် ဒဏ်ရာရတယ်လို့ သိရတယ်။" ဟု လွိုင်ကော်မြို့နေ ဒေသခံတစ်ဦး က တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။ 

လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်ရှိ စည်ပင်သာယာရေး ရုံးဝန်းအတွင်း သြဂုတ်လ(၃)ရက်နေ့ ည (၇)နာရီ (၄၅)မိနစ်ကျော်ခန့် အချိန်က ဗုံးနှစ်လုံးခန့် ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်းသိရပြီး ရုံးအဆောက်အအုံ တစ်ခု ထိခိုက်ပျက်ဆီးကာ ရုံးတွင်ရှိနေသည့် ညစောင့်ဝန်ထမ်း တစ်ဦးပါ ထိခိုက်ဒဏ်ရာရ ခဲ့ကြောင်း သိရသည်။ 

လွိုင်ကော်မြို့တွင် သြဂုတ်လ (၃)ရက်နေ့ညပိုင်း၌ ဗုံးပေါက်ကွဲ မှု ဖြစ်ပွားချိန် တစ်ဆက်တည်း မြို့ပေါ်အခြေစိုက် စစ်ကောင်စီ တပ်ရင်းများက လက်နက်ကြီးများဖြင့် (၄)ချက်နီးပါး ပစ်ခတ်ခဲ့ပြီး စစ်ကားအချို့ဖြင့် မြို့တွင်း လှည့်လည်နေခဲ့ကြောင်း သိရသည်။ 

ဗုံးပေါက်ကွဲ မှုနှင့်ပတ်သက်၍ မည်သူက ဖောက်ခွဲသည်ကို သေချာ သိရှိနိုင်ခြင်းမရှိသေးဘဲ အာဏာသိမ်းစစ်ကောင်စီ၏ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များမှလည်း သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

#TachileikNewsAgency