ဒီးမော့ဆို စံပြ(၆)မိုင်ကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များမှာ နေအိမ်များကို အလှည့်ကျ ဝင်ဖောက်ဖျက်ဆီးကာ ပစ္စည်းများ ခိုးယူနေ

ဒီးမော့ဆို စံပြ(၆)မိုင်ကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များမှာ နေအိမ်များကို အလှည့်ကျ ဝင်ဖောက်ဖျက်ဆီးကာ ပစ္စည်းများ ခိုးယူနေ
ဇွန် 16, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြိုနယ် စံပြ (၆)မိုင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ၏ တပ်သားများက ကျေးရွာတွင်းရှိ နေအိမ်များအား အလှည့်ကျ ဖောက်ထွင်းဖျက်ဆီးမှုများ ပြုလုပ်နေကြောင်းသိရသည်။ 

 ဇွန်လ (၁၅)ရက်နေ့ ညပိုင်းကလည်း စံပြ(၆)မိုင်ကျေးရွာ အတွင်းနေအိမ်များအား ​ဖောက်ထွင်း ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သလို ယနေ့ ဇွန် (၁၆)ရက်နေ့ နေ့လည်ပိုင်းကလည်း နေအိမ်များအား တစ်အိမ်ပြီးတစ်အိမ် ရိုက်ဖျက် ဝင်ရောက်နေသည်ကို နေရပ်ပြန်ရန် အခြေနေသွားကြည့်ခဲ့သည့် ဒေသခံများမှတွေ့ရှိခဲ့ကြောင်း သိရသည်။ 

အပစ်ရပ်ပြီ ပြန်လာနေလို့ ရပြီလည်းပြောသေးတယ်။ ခုထိ တပ်ကရှိနေတယ်။ နေ့လည်က ရွာထဲ အိမ်ကိုတစ်ချက်လေး ပြန်ကြည့်တာ အိမ်ကိုဖျက်ပြီး စစ်ခွေးတွေ ဝင်နေတာကို တည့်တည့်ကြီးမြင်ခဲ့တယ်။ စိတ်အရမ်းတိုပေမယ့် သူငယ်ချင်းတွေက ဝိုင်းထိန်းထားပြီး ရှောင်လာခဲ့ရတယ်။ သူတို့က အိမ်တွေကို အလှည့်ကျဖောက်နေတာ။ အိမ်တိုင်းကို ဖောင်ဝင်တယ်။ ဒီတစ်အိမ်တံခါးဖျက်ပြီး နာရီဝက်လောက်ကြာရင် နောက်တစ်အိမ် တံခါးဖျက်နေတာကို ကြားနေရတယ်။ သူတို့ရွာထဲမှာ အိမ်တိုင်းကို ဖောက်ပြီးနေချင်သလို နေနေကြတယ်။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။ 

အကြမ်းဖက် စစ်ကောင်စီ နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့ ယာယီ အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်များမှ ကျေးရွာများမှ ဆုတ်ခွာပေးခြင်း မရှိဘဲ တပ်စွဲထားကာ ကျေးရွာအတွင်း နေ့စဥ် နေအိမ်များကို ရိုက်ဖျက်ဝင်ရောက်ကာ ပစ္စည်းများအား ယူဆောင်ခြင်း၊ ယူဆောင်၍ မရသော ပစ္စည်းများအား ဖျက်ဆီးခြင်းများ လုပ်ဆောင်လျှက်ရှိသည်။ 

လွိုင်ကော် - ဒီးမော့ဆိုလမ်းမကြီး ဘေးရှိ စံပြ(၆)မိုင်ကျေးရွာ ၏ ကက်သလစ်ဘုရားကျောင်း ဘေးတွင် စစ်ကောင်စီ တပ်မှ တပ်စွဲ၍ စစ်ဆေးရေး ဂိတ်တစ်ခုပြုလုပ်ထားကာ ဖြတ်သွားဖြတ်လာသူများအား မှတ်ပုံတင်စစ်ဆေးခြင်းများ လုပ်ဆောင်ကာ ကျေးရွာတွင်း ကင်းလှည့်ခြင်းများပါ လုပ်ဆောင်နေကြောင်း သိရသည်။ 

အကြမ်းဖက်စစ်ကောင်စီ နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တို့ တိုက်ပွဲများ ယာယီရပ်ဆိုင်းကြောင်း  ဇွန်လ (၁၅)ရက်နေ့က ထုတ်ပြန်ခဲ့၍ စစ်ရှောင်များနေရပ်ပြန်ရန် အသိပေးပြောဆိုထားသော်လည်း ကျေးရွာအတွင်း တပ်စွဲ၍ နေထိုင်နေသောကြောင့် စံပြ(၆)မိုင် ကျေးရွာရှိ စစ်ဘေးရှောင်များမှာ နေရပ်မပြန်နိုင်ကြသေးသလို ရွာလုံးကျွတ် စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။