မိုင်းဆတ်မြို့တွင် ကိုဗစ် အတည်ပြုလူနာနှင့်အတူ ဓမ္မစကြာရွတ်ခဲ့သည့်အဖွဲ့အား စစ်ဆေးရာမှ ဆက်စပ်ပြီး Covid-19 ကူးစက်ခံထားရသူ (၅)ဦး ထပ်တိုးတွေ့ရှိ

 မိုင်းဆတ်မြို့တွင် ကိုဗစ် အတည်ပြုလူနာနှင့်အတူ ဓမ္မစကြာရွတ်ခဲ့သည့်အဖွဲ့အား စစ်ဆေးရာမှ ဆက်စပ်ပြီး Covid-19 ကူးစက်ခံထားရသူ (၅)ဦး ထပ်တိုးတွေ့ရှိ
ဇူလိုင် 26, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူနှင့်အတူ ဝါဆိုလပြည့်နေ့က ဓမ္မစကြာရွတ်ဖတ်ခဲ့သည့် အဖွဲ့အား ယနေ့ ဇူလိုင်လ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် RDT Test Kit ဖြင့် Covid-19 စစ်ဆေးရာက  ရောဂါပိုး ကူးစက်ခံရသူ (၅)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့က ခရီးသွားရာဇဝင်မရှိထားသည့် အသက်(၂၆)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် နေမကောင်းဖြစ်၍ မိုင်းဆတ်ဆေးရုံတွင် စစ်ဆေးရာက Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ပြီး ၎င်းနှင့်အတူ ဇူလိုင်လ(၂၃)ရက်နေ့ ဝါဆိုလပြည့်နေ့က ဓမ္မစကြာအတူ ရွတ်ခဲ့သည့်အဖွဲ့အား ယနေ့တွင် စစ်ဆေးရာမှ ဆက်စပ်၍ (၅)ဦးတွင် Covid-19 ထပ်မံတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ပိုးတွေ့ရသူ (၅)ဦးမှာ ပထမအတည်ပြုလူနာ၏ အသက်(၆၁)နှစ်အရွယ်ရှိ မိခင်အပါအဝင် အသက်(၄၉)၊ အသက်(၆၃)၊ အသက်(၁၂) တို့ ပါဝင်ပြီး ထိတွေ့မိသူ အသက်(၃၁)နှစ်ရှိ အမျိုးသမီးတစ်ဦး၏ အသက်(၁၁)လဝန်းကျင်အရွယ် ကလေးငယ်တွင်လည်း တွေ့ရကြောင်း သိရသည်။

မိုင်းဆတ်မြို့မှာက ခရီးသွားရာဇဝင်မရှိလည်း ကိုဗစ် ရှိနေတာတွေ တွေ့ရတော့ မိုင်းဆတ်မြို့မှာ ကိုယ့်ကိုကိုယ် ကိုဗစ် သံသယရှိလို့ စစ်ကြည့်ချင်တယ်ဆိုရင် ဆေးရုံမှာ သွားစစ်ကြည့်ရင် ကောင်းမယ်။ အဲ့ဒါမှလည်း ကျွန်တော်တို့ ဒေသတွင်းမှာ ကိုဗစ်ကို ထိန်းချုပ်နိုင်မှာ

ဟု ဌာနဆိုင်ရာတာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဆတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၆)ရက်နေ့အထိ Covid-19 ကူးစက်ခံသူ စုစုပေါင်း (၂၀)ဦးအထိ ရှိနေကြောင်း သိရသည်။