တာချီလိတ်မြို့ပေါ် နှင့် ရပ်ကွက်ဈေးများအားလုံး ဇူလိုင်လ(၂၀)ရက်နေ့အထိ ပိတ်ထားရမည်

တာချီလိတ်မြို့ပေါ် နှင့် ရပ်ကွက်ဈေးများအားလုံး ဇူလိုင်လ(၂၀)ရက်နေ့အထိ ပိတ်ထားရမည်
ဇူလိုင် 6, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၆)ရက်နေ့ နေ့လည်ပိုင်းအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၄၈)ဦးအထိ ရှိနေသည့်အတွက် မြို့ပေါ်နှင့်ရပ်ကွက်များရှိ စည်ပင်ဈေး နှင့် ပုဂ္ဂလိက ကိုယ်ပိုင်ဈေးမျာအားလုံး ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့အထိ (၁၄)ရက်အကြာ ယာယီပိတ်ထားရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနက ဇူလိုင်လ(၆)ရက်နေ့တွင် အရေးပေါ် အသိပေးထားကြောင်း သိရသည်။

ဈေးများကို ယာယီပိတ်ထားရန် အသိပေးထားသော်လည်း နေ့စဉ် စားသုံးကုန်များဖြစ်သည့် ဟင်းသီး ဟင်းရွက် နှင့် သား/ငါး ပျံကျဈေးသည်များအနေဖြင့် နံနက်ဈေးဖွင့်ချိန်ကနေ နေ့လည်(၁၁)နာရီအချိန်အထိသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ထပ်လောင်းအသိပေးထားသည်။

ဈေးများအားလုံး ပိတ်ရန် ညွှန်ကြားထားသော်လည်း ညဈေးများနှင့် ပတ်သက်၍ သီးခြားညွှန်ကြားထားခြင်း ရှိ မရှိမသိရသေးပါ။

ဈေးပိတ်ထားရန်မှာ (၁၄)ရက် သတ်မှတ်ထားသော်လည်း Covdi-19 ကူးစက်မှုပေါ် မူတည်၍ သတ်မှတ်ရက်ထက် အပြောင်းအလဲ ရှိနိုင်ကြောင်းလည်း သိရသည်။

 မြို့နယ်စည်ပင်သာယာရေးဌာနက စားသောက်ဆိုင်များအားလုံး ဆိုင်ထိုင်ရောင်းချခွင့်မရှိတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်လည်း အသိပေးထားကြောင်း သိရသည်။