မိုင်းဖြတ်မြို့တွင် တောင်ကြီးမြို့က ပြန်လာသည့် အမျိုးသားတစ်ဦးထံက Covid-19 တွေ့ရှိ

မိုင်းဖြတ်မြို့တွင် တောင်ကြီးမြို့က ပြန်လာသည့် အမျိုးသားတစ်ဦးထံက Covid-19 တွေ့ရှိ
ဇူလိုင် 1, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် တောင်ကြီးမြို့က ပြန်လာသည့် အမျိုးသားတစ်ဦးထံက Covid-19 ပိုးတွေ့ရှိကြောင်း သိရသည်။

တောင်ကြီးမြို့ ကရင်မရေထွက်ရှိ ချယ်ရီမြိုင်ခြံတွင် အလုပ် လုပ်ကိုင်နေသည့် အသက်(၂၁)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် မိုင်းဖြတ်မြို့ နားမွန်း(ရွာသစ်)တွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ဇွန်လ(၃၀)ရက်နေ့ ညပိုင်းက မိုင်းဖြတ်မြို့သို့ ရောက်ရှိရာ မိုင်းဖြတ်ဆေးရုံတွင် RDT Test Kit ဖြင့် စစ်ဆေးရာမှ Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းအား မိုင်းဖြတ်ပြည်သူ့ဆေးရုံတွင် ကုသမှုပေးထားပြီး အတည်ပြုလူနာနှင့် ထိတွေ့မှု ရှိထားသည့် ၎င်းနှင့် အတူလိုက်လာသူကိုလည်း မိုင်းဖြတ် ဆေးရုံတွင် Facility Quarantine ထားရှိပြီး စောင့်ကြည့်ထားကြောင်း သိရသည်။

ပိုးတွေ့ရသည့် အမျိုးသား၏ ခရီးသွားမှတ်တမ်းအရ ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့က တောင်ကြီးမြို့မှ မောရှမ်းမြေယာဉ်လိုင်းဖြင့် ပြန်လာခြင်း ဖြစ်ရာ ယာဉ်ပေါ်တွင် ယာဉ်မောင်း နှင့် ၎င်း အပါအဝင် (၂)ဦးသာ ပါရှိသော်လည်း ခိုလမ်မြို့သို့အရောက်တွင် ၎င်း၏ သူငယ်ချင်းဖြစ်သူလည်း လိုက်ပါလာပြီး ဇွန်လ(၃၀)ရက်နေ့တွင် ကျိုင်းတုံသို့ ရောက်ရှိရာ ခိုလမ်မှ လိုက်လာသည့် သူငယ်ချင်းဖြစ်သူက ဆိုင်ကယ်ဖြင့် ၎င်းနှင့်အတူ မိုင်းဖြတ်မြို့သို့ ဆက်လက် ထွက်ခွာလာခြင်း ဖြစ်ပြီး ယာဉ်မောင်းမှာ ကျိုင်းတုံမြို့တွင် ကုန်ပစ္စည်း ချရင်း ကျန်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင်၏ Covid-19 တတိယလှိုင်းတွင် တာချီလိတ်မြို့မှ အတည်ပြုလူနာ (၁၆)ဦး နှင့် မိုင်းဖြတ်မြို့တွင် (၁)ဦး စုစုပေါင်း (၁၇)ဦး ရှိနေသည်။