တာချီလိတ်မြို့တွင် လစဉ်ကြေး မသွင်းသည့် ဆိုင်ကယ် Taxi အသင်းသားများကို ကူညီထောက်ပံ့မှုများ မပေးတော့ဟု အသင်းက အသိပေး၊ ဆိုင်ကယ် Taxi များက အရင်လို ဆွဲမကောင်းဟု ငြီးငြူ

Photo: ရွှေတာချီလူမှုကူညီရေးအသင်း
Photo: ရွှေတာချီလူမှုကူညီရေးအသင်း
တာချီလိတ်မြို့တွင် လစဉ်ကြေး မသွင်းသည့် ဆိုင်ကယ် Taxi အသင်းသားများကို ကူညီထောက်ပံ့မှုများ မပေးတော့ဟု အသင်းက အသိပေး၊ ဆိုင်ကယ် Taxi များက အရင်လို ဆွဲမကောင်းဟု ငြီးငြူ
ဇူလိုင် 1, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင်း ခရီးတိုအဖြစ် ပြေးဆွဲနေသည့် ရွှေတာချီ ဆိုင်ကယ် Taxi များအနေဖြင့် အသင်း၏ လစဉ်ကြေးများကို သတ်မှတ်ကာလအတွင်း ပေးသွင်းခြင်း မရှိပါက အသင်းသား၏ ခံစားခွင့်များကို ကူညီထောက်ပံ့ပေးမည်မဟုတ်ကြောင်း ရွှေတာချီလူမှုကူညီရေးအသင်းက အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

ရွှေတာချီလူမှုကူညီရေးအသင်းက အသင်းသားများ၏ လူမှုရေးကိစ္စရပ်များကို ကူညီထောက်ပံ့ ပေးနေရာ ဆက်လက် ကူညီထောက်ပံ့ရန် အသင်းရံပုံငွေ လျှော့နည်းလျှက်ရှိသည့်အတွက် သတ်မှတ်ကာလအတွင်း လစဉ်ကြေး ပေးသွင်းသူများကိုသာ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း အသင်းသားများခံစားခွင့်နှင့် ပတ်သက်၍ အသိပေးထားခြင်း ဖြစ်သည်။

ရွှေတာချီလူမှုကူညီရေးအသင်း၏ ထုတ်ပြန်ချက်

အဆိုပါ အသင်းတွင် ရံပုံငွေ နည်းနေပါက အသင်းအမှုဆောင်များအနေဖြင့် လစာငွေ လျှော့ယူသင့်ကြောင်း အသင်းသားများဖြစ်သည့် ဆိုင်ကယ် Taxi သမားများက ဆိုသည်။

ရွေတာချီလူမှုကူညီရေးအသင်း၏ ဖွဲ့စည်းပုံ

ကျွန်တော်တို့ ဆွေးနွေးတာက သူတို့လဲ လစာလျှော့ယူ ပေးပါ။ ကျွန်တော်တို့အသင်းသားတွေကိုလဲ လျှော့ကောက်ပေးဖို့ပေါ့။ ဒါပေမယ့် ညှိနိူင်းလို့မရခဲ့ပါဘူး။ အသင်းမှာကရုံးထိုင် (၆) ယောက်ပေါ့နော်။ တစ်ယောက်(၆,၀၀၀)ဘတ်နဲ့ (၆) ယောက်ဆိုတော့  အားလုံးပေါင်း (၃၆,၀၀၀)ဘတ် ပေါ့။ သူတို့ယူနေကြတာ။

ဟု ဆိုင်ကယ် Taxi သမားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၁ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပြောသည်။ 

ရွှေတာချီလူမှုကူညီရေးအသင်းက အသင်းသားများအပေါ် တစ်လချင်း ပေးသွင်းမည်ဆိုပါက ဘတ်(၁၅၀)သတ်မှတ်ပြီး၊ တစ်နှစ်စာဖြင့် ပေးသွင်းမည်ဆိုပါက ဘတ်(၁၀၀)သတ်မှတ်ပေးထားသော်လည်း ၂၀၂၀ခုနှစ်ကတည်းက စတင်သည့် Covid-19 ကာလမှစ၍ ယနေ့အထိ ဆိုင်ကယ် Taxi ပြေးဆွဲရမှုမှာ ယခင်လို မဟုတ်ဘဲ တစ်ရက်ကို ဘတ်(၁၀၀)မရသည့် နေ့များပင် ရှိနေကြောင်း သိရသည်။

ကိုဗစ် မတိုင်ခင်တုန်းကလို ဆိုင်ကယ်ဆွဲကောင်းချိန်ဆိုရင်တော့ တစ်လစာတောင် မဟုတ်ဘူး တစ်နှစ်စာပါ ပေးလို့ရတာပေါ့ဗျာ။ ခုတော့ ကျွန်တော်တို့လည်း  ဘတ်(၁၀၀)အထိ မရတဲ့နေ့တောင်ရှိတယ်။ စားဝတ်နေရေးကလည်း အဆင်မပြေတော့ လစာကြေးသွင်းဖို့တောင် အခက်အခဲဖြစ်လာတယ်

ဟု အသင်းသား တစ်ဦးက ပြောသည်။

ရွှေတာချီလူမှုကူညီရေးအသင်း၏ လက်အောက်တွင် ဆိုင်ကယ် Taxi အသင်းသားများမှာ အနည်းဆုံး (၈၀၀)ကျော်ရှိနေပြီး ၎င်းတို့၏ အသင်းသားများဖြစ်သည့်  ရွှေတာချီ ဆိုင်ကယ် Taxi သမားများ၏ ကူညီထောက်ပံ့မှုများနှင့် ပတ်သက်၍ အသင်းသားနာရေး၊ မိသားစုဝင်နာရေး၊ ကျန်းမာရေး နှင့် လူမှုရေး စသည့် ကိစ္စရပ်များတွင်  ဘတ်(၁၀,၀၀၀), (၅,၀၀၀), (၃,၀၀၀),(၂,၀၀၀) စသည်ဖြင့် ထောက်ပံ့ကူညီကြောင်း  သတ်မှတ်ချက်များအလိုက် ကူညီပေးကြောင်း ရွှေတာချီလူမှုကူညီရေးအသင်း ထံက သိရသည်။

ကိုဗစ်ကြောင့်ပါပဲ။ ကိုဗစ် မဖြစ်ခင်တုန်းကဆိုရင်တော့ ဆိုင်ကယ်ဆွဲကောင်းတယ်ဆိုတာက နိုင်ငံခြားသားတွေက လာကြတယ်၊ ထိုင်းနိုင်ငံသားတွေရောပေါ့။ သူတို့က ဟိုတယ်တွေမှာ ကာစီနို လာကစားတာတွေရှိတော့ ကျွန်တော်တို့က ကြိုပို့ရတာတွေ ခေါက်တိုတွေ ခဏခဏ သွားရတော့ အဆင်ပြေတယ်။ ခုက တံတားကလည်း ပိတ်ထားဆဲ ဖြစ်တော့ နိုင်ငံခြားသားလည်း ဝင်ရောက်မှုမရှိဘူး။ ဒေသတွင်းကလည်း ဆိုင်ကယ် ရှိသူများတော့ ကျွန်တော်တို့ အဖြစ်ကလည်း အရင်နဲ့မတူတော့ဘူးလို့ပဲ ပြောရတော့မှာပဲဗျာ။ ဘာလုပ်စားရမလဲ မသိတော့ဘူး

ဟု ဆိုင်ကယ် Taxi ပြေးဆွဲသူ တစ်ဦးက ပြောသည်။

 

တာချီလိတ်မြို့တွင် ဆိုင်ကယ် Taxi ပြေးဆွဲနေသည့် ဆိုင်ကယ် Taxi သမားများသည် သတ်မှတ် ဂိတ်များအလိုက် ပြေးဆွဲခြင်း ဖြစ်သော်လည်း ၎င်းတို့ ဝတ်ဆင်ထားကြသည့် ဆိုင်ကယ် Taxi အင်္ကျီများမှာ အချို့မှာ ကိုယ်ပိုင်ဖြစ်သလို အချို့က တဆင့် ပြန်လည် ငှားပြီး ဆိုင်ကယ်ဆွဲနေကြသည်များလည်း ရှိသည့်အတွက် ဆိုင်ကယ် Taxi အင်္ကျီငှားခအဖြစ် တစ်လလျှင် အနည်းဆုံး ဘတ်(၁၅၀)အထိ ရှိသည့်အတွက် ယင်းသို့ ငှားရမ်းရသူများမှာ လကုန်လျှင် အင်္ကျီပိုင်ရှင်ထံ ပေးသွင်းရသည့် ငှားခ နှင့် ရွှေတာချီလူမှုကူညီရေးအသင်းသို့ ပေးသွင်းရသည့် ငွေကြေးများကြောင့် ဆိုင်ကယ် Taxi ဆွဲမကောင်းသည့် ကာလများတွင် အခက်အခဲရှိနေသူများလည်း ရှိကြောင်း သိရသည်။