နမ့်ခမ်းဒေသခံများက SSPP ကို ဆန္ဒပြနေစဉ် နေရာ(၃)နေရာ၌ ဗုံးပေါက်ကွဲ၍ (၁)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရ

နမ့်ခမ်းဒေသခံများက SSPP ကို ဆန္ဒပြနေစဉ် နေရာ(၃)နေရာ၌ ဗုံးပေါက်ကွဲ၍ (၁)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရ
ဇွန် 28, 2021 | ရှမ်းမြောက်

နမ့်ခမ်းဒေသခံများက SSPP ကို ဆန္ဒပြနေစဉ် နေရာ(၃)နေရာ၌ ဗုံးပေါက်ကွဲ၍ (၁)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရ



ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ဇွန်လ (၂၈)ရက်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)အား နမ့်ခမ်းဒေသခံများက ဆန္ဒထုတ်ဖေါ်မှုပြုလုပ်နေစဉ် မြို့လယ်ခေါင်၌ ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့်အတွက် အမျိုးသားတစ်ဦးသေဆုံးပြီး ပြည်သူ (၃)ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

နမ့်ခမ်းမြို့နယ် နမ့်ဆွန်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)က ခေါ်ဆောင်သွားပြီးနောက် သေဆုံးသွားမှုနှင့်ပတ်သက်၍ အလောင်းကိုဒေသခံများက ပြန်လည်တောင်းဆိုသည့်အခါ မရရှိခဲ့သဖြင့် ဆန္ဒထုတ်ဖေါ်မှုပြုလုပ်ခဲ့ကြသည့် ယနေ့ မွန်းလွဲပိုင်းတွင် နမ့်ခမ်းမြို့ပေါ်ရှိ နေရာ (၃)နေရာ၌ ဗုံးများကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးကွဲမှုတစ်ခုတွင် ဆိုင်ကယ်တစ်စီးနှင့် အမျိုးသား (၂)ဦးထိခိုက်ခဲ့ရာ တစ်ဦးသေဆုံးသွားပြီး နောက်ထပ် ဗုံးကွဲမှုများတွင် လမ်းသွားလမ်းလာပြည်သူ (၂)ဦး ထပ်မံထိခိုက်ခဲ့ခြင်းဖြစ်ကာ ဗုံးကွဲမှု၌ သေဆုံးသွားသူ အမျိုးသား၏ အနီးတွင်လည်း ပစ္စတိုတစ်လက်ကိုတွေ့ရှိရသည်ဟု ဒေသခံများက ပြောသည်။

မွန်းလွဲပိုင်းက နမ့်ခမ်းမြို့၌ ဆန္ဒထုတ်ဖေါ်မှုပြုလုပ်နေစဉ် ဗုံးကွဲမှုများဖြစ်ပွားခဲ့သကဲ့သို့ မူဆယ် - မော်တောင်း ဒေသအစပ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး မည်သည့်အဖွဲ့များ တိုက်ပွဲဖြစ်နေသည်ကို ဒေသခံများလဲ မသိရသေး ဟု သိရသည်။

#TachileikNewsAgency

Photo: CJ