Covid-19 ပိုးတွေ့ လူနာ(၂၀၀)ကျော်ရှိနေသည့် လားရှိုးမြို့တွင် တည်းခိုခန်းများကို ဇူလိုင်လ(၆)ရက်နေ့အထိ ယာယီပိတ်

Covid-19 ပိုးတွေ့ လူနာ(၂၀၀)ကျော်ရှိနေသည့် လားရှိုးမြို့တွင် တည်းခိုခန်းများကို ဇူလိုင်လ(၆)ရက်နေ့အထိ ယာယီပိတ်

(၁၆)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၂၀၉)ဦးအထိ ရှိလာသည့်  လားရှိုးမြို့တွင် Covid-19 ထိန်းချုပ်နိုင်ရေးအတွက် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ တည်းခိုခန်းများကို (၁၄)ရက်အကြာ ယာယီပိတ်ထားလိုက်ကြကြောင်း သိရသည်။

စည်ပင်က စာထုတ်ပြီးပြောတာ မဟုတ်ပါဘူး၊ တည်းခိုခန်းတွေက တာဝန်ရှိသူတွေက Covid-19 ရောဂါကာလမှာ ဘယ်လိုလုပ်ရမလဲဆိုတာ တင်ပြလာတဲ့အတွက် မြို့နယ်ကိုဗစ်ကော်မတီကို ထပ်ဆင့်တင်ပြပြီး အဲ့လို ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ပေးလိုက်တာဖြစ်ပါတယ်။ တည်းခိုခန်းတွေကတော့ နှစ်ပတ်ယာယီပိတ်ထားရမယ်

ဟု လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၃)ရက်နေ့ နံနက်က ပြောသည်။ 

လားရှိုးမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ တည်းခိုခန်းများကို ဇွန်လ(၂၃)ရက်နေ့က စတင်ကာ ဇူလိုင်လ(၆)ရက်နေ့အထိ (၁၄)ရက်အကြာ ပိတ်ထားရန် မြို့နယ်ကိုဗစ်ကော်မတီက သတ်မှတ်ပေးထားသော်လည်း စာသင်ကျောင်း နှင့် ဟိုတယ် အပါအဝင် ညပိုင်းဖွင့်လှစ်သည့် KTV, Bar နှင့် Club များနှင့် ပတ်သက်၍ သီးသန့်ညွှန်ကြားထားခြင်း မကြားသိရသေးဟု သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၂၂)ရက်နေ့အထိ Covid-19 အတည်ပြုလူနာ (၂၀၉)ဦးအထိ ရှိလာပြီဖြစ်သည့်အတွက်  လားရှိုးမြို့ရှိ မြို့မဈေးကြီးကိုလဲ (၁၄)ရက်အကြာ ယာယီပိတ်ထားရန် နှင့် အခြား ညဈေး၊ ဘူတာဈေး နှင့် ရပ်ကွက်ဈေးများကိုလည်း ယာယီပိတ်ထားကာ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များအနေဖြင့်လည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်။