ရွှေလီကြိုးတံတားရှိ ရဲစခန်းကို TNLA သိမ်းပိုက်

ရွှေလီကြိုးတံတားရှိ ရဲစခန်းကို TNLA သိမ်းပိုက်
နိုဝင်ဘာ 2, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီ ရဲစခန်းကို တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းအား တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်ဟုလည်း TNLAက သတင်းထုတ်ပြန်ထားသည်။

မဟာမိတ်တပ်များသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့မှ စတင်၍ နိုဝင်ဘာလ (၂)ရက်နေ့ထိ ၁၀၂၇ စစ်ဆင်ရေး (၇)ရက်တာ ကာလအတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနှင့် ကြူကုတ် (ပန်ဆိုင်း)မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၃၁)ရက်နေ့တွင် မုံးကိုးမြို့၊ ဖောင်းဆိုင်ဒေသတွင် ရန်သူ့သံချပ်ကာကား (၁)စီးအား ထပ်မံ သိမ်းဆည်းရရှိခဲ့ပြီး စစ်ဆင်ရေး (၆) ရက်တာကာလအတွင်း သံချပ်ကာစုစုပေါင်း (၆)စီးအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ (၂)ရက်နေ့၊ နံနက်ပိုင်းတွင် ကိုးကန့်ခရိုင်၊ တုံးရှမ်းဒေသရှိ ရန်သူ့စစ်စခန်း (၂)ခုအား အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီးဖြစ်ကာ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် TNLAနှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့မှ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနှင့် အုမ္မတီးကျေးရွားကြား စခန်းချထားသော စစ်ကောင်စီတပ်စခန်းတစ်ခုကို ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

#TachileikNewsAgency