(၁၆)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၂၀၀)ကျော်ရှိနေသည့် လားရှိုးမြို့တွင် မြို့မဈေးကြီးကို (၁၄)ရက် ပိတ်ထားလိုက်ပြီ

(၁၆)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၂၀၀)ကျော်ရှိနေသည့် လားရှိုးမြို့တွင် မြို့မဈေးကြီးကို (၁၄)ရက် ပိတ်ထားလိုက်ပြီ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့က စ၍ ဇွန်လ(၂၂)ရက်နေ့အထိ (၁၆)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၂၀၀)ကျော်ရှိလာ၍ လားရှိုးမြို့မဈေးကြီးအား (၁၄)ရက်အကြာ ပိတ်သွားမည်ဖြစ်ပြီး လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနက အသိပေးထားသည်။

လားရှိုးမြို့မဈေးကြီးအတွင်း ဇွန်လ(၂၂)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁၅)ဦးအထိ တွေ့ရှိထားသည့်အတွက် Covid-19 ဆက်လက် ထိန်းချုပ်နိုင်ရန် ၂၀၂၁ခုနှစ် ဇွန်လ(၂၃)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့အထိ (၁၄)ရက်အကြာ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။

ဈေးပိတ်ထားသည့် ကာလအတွင်း ဈေးသည်များအနေဖြင့် နေအိမ်တွင်သာ နေထိုင်စေလိုပြီး ကျန်းမာရေးတစ်စုံတစ်ရာ ထူးခြားမှု ဖြစ်ပေါ်လာပါက မိမိတို့ နေထိုင်ရာ ရပ်/ကျေးရုံးသို့ ဖြစ်စေ၊ ကျန်းမာရေးဌာနသို့ ဖြစ်စေ ဆက်သွယ်ရန်လိုအပ်ကြောင်း အသိပေးထားသည်။

လားရှိုးမြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းအထိ တစ်နေ့တည်းတွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၅၇)ဦးအထိ ထပ်တိုးလာ၍ အတည်ပြုလူနာ စုစုပေါင်း (၂၀၉)ဦးအထိ ရှိနေသည်ဟု သိရသည်။