မန္တလေးမြို့ရဲ့ ဇွန်လ(၂၂)ရက်နေ့ ညနေပိုင်းအထိ အခြေအနေ

မန္တလေးမြို့ရဲ့ ဇွန်လ(၂၂)ရက်နေ့ ညနေပိုင်းအထိ အခြေအနေ
ဇွန် 22, 2021 | အင်တာဗျူး

"ကြားရတာကတော့ ချမ်းမြသာစည်ဘက် PDF တွေ ခဏနေတဲ့နေရာကို စစ်ကောင်စီတပ်တွေက ဝင်စီးတယ်လို့ ပြောတယ်။ PDF တွေ နေ/မနေကို ပြည်သူတွေတောင် မသိသေးတဲ့အချိန်မှာ စစ်ကောင်စီတပ်တွေက ဝင်စီးတာ။"

မန္တလေးမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်က ချမ်းမြသာစည်မြို့နယ်အတွင်း လူအင်အား၊ လက်နက်အင်အား အများအပြားဖြင့် PDF ကို ဝင်ရောက်တိုက်ခိုက်သည့်အခြေအနေကို မန္တလေးဒေသခံတစ်ဦးအား တာချီလိတ်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းထားပါသည်။

TNA ။    ။ လက်ရှိ မန္တလေးအခြေအနေဘယ်လိုရှိလဲ။ အဖမ်းခံရတာ၊ သေဆုံးဒဏ်ရာရအရေအတွက်တွေ ဘယ်လောက်ရှိတယ်လို့ ကြားရလဲ။

ဖြေ။    ။ ပတ်ပတ်လည် အကုန်ပစ်နေတာပဲ။ တာယာမီးရှို့လို့ဆိုပြီး ဖမ်းခံရတဲ့သူတွေရော၊ ပစ်ခံရတဲ့သူတွေရောရှိတယ်။ ဒဏ်ရာရတာတော့ တော်တော်များမယ်။ PDF ဘက်က ထိထားတဲ့သူ (၂) ယောက်ရှိတယ်လို့ပဲ ကြားထားသေးတယ်။ ကျဆုံးတော့ မကြားထားဘူး။ မနက်က ပြည်သူထဲကတော့ ဆန်သွားပို့တဲ့တစ်ယောက်တော့ အပစ်ခံရပြီး ကျသွားတယ်။ တစ်ယောက်ကလည်း ဒဏ်ရာရထားတယ်လို့ ကြားရတယ်။ နောက် စိန်ပန်းဘက်မှာလည်း တစ်ယောက်ထိထားတယ်လို့ ကြားရတယ်။ PDF ဘက်က အကျအဆုံးအနေနဲ့ အတိအကျတော့ မကြားရသေးဘူး။ စစ်ကောင်စီတပ်က မနက်တုန်းက ချမ်းမြသာစည်ဘက်မှာ PDF စခန်းရှိတယ်ဆိုပြီး ဝင်စီးတဲ့နေရာနားက မနော်ဟရီလမ်းကို ဆန်သွားပို့တဲ့သူ အပစ်ခံရတာ။ မနက်က သူတို့ ဝင်စီးနေတဲ့အချိန် ဖြတ်သွားဖြတ်လာတွေကိုလည်း သေနတ်နဲ့ပစ်တယ်လို့ ပြောတယ်။ အဲဒီမှာ ဆန်သွားပို့တဲ့ကလေးနှစ်ယောက် အပစ်ခံရတယ်ကြားတယ်။

TNA ။    ။ မနက်က ပစ်ခတ်မှုတွေ ဘယ်အချိန်လောက်မှာ စဖြစ်တာလဲ။ ဘယ်ကနေစဖြစ်တာလို့ ကြားရလဲ။

ဖြေ။    ။ မနက် (၉) နာရီဝန်းကျင်လောက်မှာမှ စသိတယ်။ ကြားရတာကတော့ ချမ်းမြသာစည်ဘက် PDF တွေ ခဏနေတဲ့နေရာကို စစ်ကောင်စီတပ်တွေက ဝင်စီးတယ်လို့ ပြောတယ်။ PDF တွေ နေ/မနေကို ပြည်သူတွေတောင် မသိသေးတဲ့အချိန်မှာ စစ်ကောင်စီတပ်တွေက ဝင်စီးတာ။ မြို့ထဲကနေ စစ်ကားတွေ ယာဉ်တန်းရှည်နဲ့သွားကြတာကိုတော့ တွေ့တယ်။ ကိုယ်တိုင်လည်း တွေ့လိုက်ရတယ်။ 

TNA ။    ။ မနက်က ချမ်းမြသာစည်ဘက်မှာ ဝင်စီးနေတဲ့အချိန် မြို့တွင်းအခြေအနေက ဘယ်လိုရှိလဲ။ အသွားအလာတွေ အခြေအနေရော ဘယ်လိုရှိနေလဲ။

ဖြေ။    ။ စစ်ကောင်စီတပ်က ဟိုဘက်မှာ ဝင်စီးနေတဲ့အချိန်မှာ တစ်ချိန်ထဲပဲ မြို့ထဲမှာလည်း တင့်ကားတွေနဲ့ လှည့်နေတာလည်း တွေ့ရတယ်။ သူတို့ဝင်စီးတာက မနော်ဟရီဘက် ၁၁၁ လမ်းနဲ့ ၅ ၂ လမ်း ချမ်းမြသာစည်မှာပဲ။ အဲဒီအချိန် မြို့ထဲအဓိကမိန်းလမ်းမ ၈၄ လမ်းဆို ဈေးချိုနားနီးတယ်။ အဲဒီ ၈၄ လမ်းနဲ့ ၃၅ လမ်းမှာလည်း ဗုံးကွဲတယ်။ နောက် AGD ဘဏ်ရှေ့လည်း ဗုံးကွဲတယ်ကြားတယ်။ နေရာတော်တော်များများမှာ စစ်ကောင်စီဘက်က တပ်သားတွေ တွေ့နေရတယ်။ မနက်ကဆို သူတို့ဟိုဘက်မှာ ဝင်စီးနေတဲ့အချိန်မှာကို ဈေးချိုနားတဝိုက်ဆိုရင် အရမ်းစည်နေတာ တွေ့ရတယ်။ စစ်ကောင်စီတပ်တွေကတော့ အများကြီး မြို့ထဲမှာ သွားလာနေတာတွေ့နေရတယ်။ မနက် ၁၁ ဝန်းကျင်လောက်မှာ မြို့ထဲမှာ သေနတ်တွေပစ်တယ်။ ဗုံးတွေပေါက်တယ်ဖြစ်ပြီးတော့ အသွားအလာတွေ တော်တော်ကျဲသွားကြတယ်။ 

TNA ။    ။ မနက်က ချမ်းမြသာစည်ဘက်ကို သွားတဲ့ စစ်ကားတွေအင်အား ဘယ်လောက်များလဲ။ တစ်ခုခု ထူးခြားတာဖြစ်မယ်လို့ သတိထားမိခဲ့သေးလား။

ဖြေ။    ။ မနက်က ၉ နာရီမထိုးခင်လောက်မှာ စစ်ကားတွေသွားတာ တွေ့လိုက်တယ်။ ပုံမှန်လည်း သွားလာနေကြတာဆိုတော့ အစောပိုင်းက သတိမထားမိဘူး။ အဲဒီ စစ်ကားတွေသွားပြီး တင့်ကားတွေ သွားတာတွေ့တယ်။ အဲဒီနောက်မှာ ယူနီဖေါင်းဝတ်ရော၊ အရပ်ဝတ်တွေနဲ့ရော ဆိုင်ကယ်တွေနဲ့ လက်နက်တွေနဲ့ အများကြီး သွားတာတွေ့တယ်။ ခါတိုင်းဆိုလည်း အရပ်ဝတ်တွေနဲ့ လက်နက်တွေနဲ့ ဆိုင်ကယ်နဲ့လှည့်တာတို့ တားပြီးစစ်တာတို့ တွေ့ရတယ် မန္တလေးမှာ။ တခါတလေဆို အရပ်ဝတ်တွေနဲ့ ကားတွေကို တားစစ်နေတာလည်း တွေ့တယ်။ မနက်ကလည်း ခါတိုင်းလိုပဲလို့ ထင်မိတာ။ နောက်မှ ချမ်းမြသာစည်ဘက်မှာ ပစ်ခတ်တာတွေ ကြားမှ သိတယ်။

TNA ။    ။ အခုလက်ရှိအခြေအနေရော ဘယ်လိုရှိနေလဲ။ မြို့အဝင်အထွက် အသွားအလာ ပိတ်တာတွေရော ရှိနေသေးလား။

ဖြေ။    ။ အခုထိတော့ မြို့အဝင်အထွက်ပိတ်တာတော့ မကြားသေးဘူး။ အစောက မိန်းထဲ (မန္တလေးတက္ကသိုလ်)ထဲစစ်တယ်။ မြို့တွင်းမှာ အဓိကလမ်းတွေမှာ စစ်တယ်။ သေနတ်သံတွေလည်း တစ်ချို့နေရာကြားနေရသေးတယ်။ အခြေအနေက မငြိမ်သေးဘူး။

TNA ။    ။ ကျေးဇူးတင်ပါတယ်။