ပျောက်ဆုံးနေတဲ့ ကွတ်ခိုင်မြို့မှ ဘာသာရေးဆရာတစ်ဦး လက်ထိပ်ခတ်လျက် သေဆုံးနေ

Photo: NBung Dat Kasa - Kachin Multimedia
Photo: NBung Dat Kasa - Kachin Multimedia
ပျောက်ဆုံးနေတဲ့ ကွတ်ခိုင်မြို့မှ ဘာသာရေးဆရာတစ်ဦး လက်ထိပ်ခတ်လျက် သေဆုံးနေ
ဇွန် 21, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့မှ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦး ပျောက်ဆုံးသွားပြီး (၃) ရက်မြောက်နေ့တွင် နမ့်ဟူးကျေးရွာအနီး၌ ပျောက်ကျားဝတ်စုံ ဝတ်ပေးထားကာ လက်ထိပ်ခတ်လျက် သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။



သူပျောက်သွားတာတော့ကြားတယ်။ ကျန်တဲ့အသေးစိတ်ကတော့ မသိရသေးဘူး

ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက ဇွန်လ (၂၁) ရက်နေ့၌ တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

 

 

 

 ဘာသာရေးဆရာ ဇော်လွမ်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် (၅)တွင် နေထိုင်ပြီး ဇွန်လ (၁၈) ရက်နေ့ ညနေ (၃) နာရီဝန်းကျင်၌ နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး အလောင်းကို ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဟူးကျေးရွာအနီးတွင် ဇွန်လ (၂၁) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်၌ နွားကျောင်းသားတစ်ဦးက တွေ့ခဲ့ရခြင်းဖြစ်သည်ဟု ဒေသမီဒီယာတစ်ခုဖြစ်သည့် NBung Dat Kasa - Kachin Multimedia ထံမှ သိရသည်။



အလောင်းတွင် ဝတ်ဆင်ပေးထားသည့် ပျောက်ကျားဝတ်စုံမှာ ၎င်း၏ဝတ်စုံမဟုတ်ကြောင်း မိသားစုဝင်ကို ကိုးကား၍ NBung Dat Kasa - Kachin Multimedia တွင် ဖေါ်ပြထားသည်။



အလောင်း၏ ဦးခေါင်း၌ သေနတ်ဒဏ်ရာတွေ့ရပြီး ခန္ဓာကိုယ်တွင် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများကိုလည်း တွေ့ရပြီး ပြစ်မှုကျူးလွန်သူကို မသိရသေးကြောင်း သိရသည်။