ကျောက်မဲမြို့တွင် ညမထွက်ရ အချိန်အတွင်း စစ်တပ်၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသည့် လူငယ်(၂)ဦး ဆေးတပ်သို့ သွားရောက်၍ ကုသမှု ခံယူစဉ် ညမထွက်ရ အမိန့်ဖြင့် ဖမ်းဆီးခံရ

ကျောက်မဲမြို့တွင် ညမထွက်ရ အချိန်အတွင်း စစ်တပ်၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသည့် လူငယ်(၂)ဦး ဆေးတပ်သို့ သွားရောက်၍ ကုသမှု ခံယူစဉ် ညမထွက်ရ အမိန့်ဖြင့် ဖမ်းဆီးခံရ
ဇွန် 21, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့တွင် ဇွန်လ (၂၀)ရက် ညပိုင်းက မြို့ထဲမှ လူနေရပ်ကွက်အတွင်း ဆိုင်ကယ်များဖြင့် ပြန်လာသူ လူငယ်တစ်ဖွဲ့အား အောင်ဆန်းလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ စစ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ လူငယ်အမျိုးသား (၂)ဦး၏ လက်များတွင် သေနတ်မှန်ခဲ့ပြီး  ဒဏ်ရာအား ဆေးတပ်အတွင်း သွားရောက်ကုသစဉ် ညမထွက်ရအမိန့်ချိုးဖေါက်မှုဖြင့် ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

ဇွန်လ (၂၀)ရက်၊ ည (၉)နာရီခွဲဝန်းကျင်က လူငယ်(၅)ဦးပါသည့် အဖွဲ့သည် ဆိုင်ကယ် (၃)စီးဖြင့် အမှတ်(၆)ရပ်ကွက်ရှိ ဘီယာဆိုင်တစ်ဆိုင်မှ အမှတ် (၂)ရပ်ကွက်ရှိ နေအိမ်များသို့ ပြန်ကြစဉ် ကျောက်မဲမြို့၊ အောင်ဆန်းလမ်းမကြီးပေါ်ရှိ ရွှင်လီတည်းခိုခန်းအနီး( ပုလဲလမ်းကြားအနီး)တွင် လမ်းပေါ်ရပ်ထားသော စစ်ကားတစ်စီးပေါ်မှ စစ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

လူငယ်အဖွဲ့က ဆိုင်ကယ်မောင်း၍ ထွက်ပြေးခဲ့ရာ ဆိုင်ကယ် (၂)စီးနှင့် လူ (၃)ဦး လွတ်မြောက်သွားသော်လည်း နောက်ဆုံးကျန်ခဲ့သည့် ဆိုင်ကယ်တစ်စီးနှင့် လူငယ် (၂)ဦးတို့၏ လက်ကောက်ဝတ် နှင့် တံတောင်  တို့ သေနတ်ကျည်ဆံ ထိမှန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူငယ် (၂)ဦးသည် အမှတ် (၂)ရပ်ကွက် ရန်ကင်းရပ်ရှိ ကားဘော်ဒီရုံတစ်ခုမှ လုပ်သားများဖြစ်ကြပြီး ၎င်းဒဏ်ရာများအား ကျောက်မဲဆေးတပ်အတွင်း သွားရောက်ကုသစဉ် ညမထွက်ရ အမိန့်ချိုးဖေါက်မှုဖြင့် အဆိုပါ လူငယ် (၂)ဦးကို အမှုဖွင့်ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသော လူငယ် ၃ ဦးကိုလဲ လိုက်လံရှာဖွေ ဖမ်းဆီးနေသည်ဟု သိရသည်။

ကျောက်မဲမြို့တွင် ည(၈)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း KTV နှင့် စားသောက်ဆိုင်များမှာ ညအချိန်မတော်သည်အထိ ဒေသအုပ်ချုပ်ရေးအာဏာပိုင်များက ဖွင့်ခွင့်ပေးထား၍ သွားရောက် လည်ပတ်သူများရှိနေရာ ရဲနှင့်စစ်တပ်က ယခုလို လုပ်ဆောင်မှုများရှိနေကြောင်းလည်း သိရသည်။