ဒီးမော့ဆိုမြို့နယ် ကျေးရွာချင်းဆက် လမ်းဆုံတစ်ခုရှိ တံတားပေါ်တွင် ဗုံးပေါက်ကွဲ၍ အမျိုးသားတစ်ဦးထိမှန် သေဆုံးနေ 

ဒီးမော့ဆိုမြို့နယ် ကျေးရွာချင်းဆက် လမ်းဆုံတစ်ခုရှိ တံတားပေါ်တွင် ဗုံးပေါက်ကွဲ၍ အမျိုးသားတစ်ဦးထိမှန် သေဆုံးနေ 
ဇွန် 18, 2021 | ကယား

ဒီးမော့ဆိုမြို့နယ် ကျေးရွာချင်းဆက် လမ်းဆုံတစ်ခုရှိ တံတားပေါ်တွင် ဗုံးပေါက်ကွဲ၍အမျိုး သားတစ်ဦးထိမှန် သေဆုံးနေ 

ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ် ဒေါစဲကျေးရွာ၊ နန်းဟူးတွင်ကျေးရွာနှင့် ဒေါကလိုဒူ ကျေးရွာများသို့ သွားရသည့် ကျေးရွာချင်းဆက် လမ်းဆုံ တံတားပေါ်တွင် ဇွန်လ (၁၈)ရက်နေ့ ညနေပိုင်းတွင် ဗုံးဟု ယူဆရသည့် အရာတစ်ခု ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး ထိမှန်သေဆုံးနေကြောင်း သိရသည်။ 

ကျွန်တော်တို့ ပေါက်ကွဲ သံအကျယ်ကြီး ကြားလိုက်တယ်။  ဘာဖြစ်လဲတော့ မသိဘူးပေါ့နော်။ လိုက်သွားကြည့်တော့ ဒေါစဲ နဲ့ နန်းဟူတွင် ရွာရယ် နောက် ဒေါကလိုဒူ အဲ့ရွာတွေ သွားရတဲ့ လမ်းဆုံတံတား ပေါ်မှာ ပေါက်ကွဲထားတာတွေ့ ပြီး​တော့ ထိပြီး သေနေတဲ့ သူတစ်ယောက်ကိုတွေ့တယ်။ ဘယ်သူလုပ်တာလဲ ဘာဖြစ်တာလဲ ဆိုတာ မသိရဘူး။ အလောင်းကိုတော့ မကောက်ကြသေးဘူး။

ဟု ဒေသခံတစ်ဦးက တာချီလိတ် သတင်းအေဂျင်စီ သို့ပြောသည်။ 

ဒီးမော့ဆိုမြို့နယ်တွင်းရှိ ဒေါစဲကျေးရွာ၊ နန်းဟူးတွင်ကျေးရွာနှင့် ဒေါကလိုဒူ ကျေးရွာများသို့ သွားရောက်နိုင်သည့် ကျေးရွာချင်းဆက်  လမ်းဆုံတံတားပေါ်တွင် ဇွန်လ (၁၈)ရက်နေ့ နေ့လည် (၂)နာရီ ကျော်အချိန်ဝန်းကျင်က ဗုံးပေါက်ကွဲသည်ဟုယူဆရသည့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒေသခံများ အတည်ပြုချက်အရ သေဆုံးနေသူမှာ  နန်းဟူးတွင်ကျေးရွာမှရွာသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲခဲ့သည့် အဆိုပါ လမ်းဆုံတံတားမှာ ပျက်ဆီးမှုအချို့ ဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦးမှာလည်း ဗုံး ထိခိုက်ဒဏ်ရာများဖြင့် တံတားဘေး ချောက်ထဲတွင် ပြုတ်ကျ သေဆုံးနေခြင်းဖြစ်ကြောင်းသိရပြီး အဆိုပါလမ်းအပိုင်းမှာလည်း ဒေသခံများ အသုံးပြုမှုများသည်ကျေးရွာ ချင်းဆက်လမ်းဖြစ်ကြောင်းသိရသည်။ 

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာအနီးတွင် ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာ အခြေစိုက် အမှတ် (၁၀၂)တပ်ရင်း နှင့် အမှတ် (၄၂၇) တပ်ရင်းတို့ ရှိကြောင်းသိရပြီး ပေါက်ကွဲ မှုနှင့် ပတ်သက်၍ မည်သူ ပြုလုပ်သည်ကို အတည်ပြု၍ မရသေးကြောင်း သိရသည်။