အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်အနေဖြင့် ယောက်ျားဆန်ဆန် တိုက်ခိုက်ကြရန် မိုးဗြဲ PDF က အသိပေး

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်အနေဖြင့် ယောက်ျားဆန်ဆန် တိုက်ခိုက်ကြရန် မိုးဗြဲ PDF က အသိပေး
ဇွန် 13, 2021 | ရှမ်းတောင်

ကယား - ရှမ်းနယ်စပ် မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ အကြမ်းဖက်စစ်ကောင်စီတပ်များအနေဖြင့် နိုင်ငံတကာ စစ်ဥပဒေများကို လေးစားလိုက်နာပြီး သတ္တိရှိရှိ ယောကျာ်းဆန်ဆန် တိုက်ခိုက်ကြရန် ဇွန်လ (၁၃)ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်း အသိပေးလိုက်သည်။

မြေပြင်တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီ တပ်များအနေဖြင့် အင်အားအလုံးအရင်းသုံးကာ တိုက်ခိုက်နေပြီး စစ်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သားများပိုင်ဆိုင်မှု အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးနေရုံမက စစ်ရှောင်ဒေသခံများ၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက် နေခြင်းသည် စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်း၍ ယောကျ်ားဆန်ဆန် တိုက်ခိုက်ကြရန် မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ် မှ တိုက်တွန်း ထုတ်ပြန်ထားသည်။

ဇွန်လ (၇)ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ မိုးဗြဲမြို့တွင်း လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး (၈)နာရီကျော် အချိန်ခန့်တွင် လွယ်ယင်းတောင်ခြေ ကျေးရွာဖက်သို့ အင်အားအလုံးအရင်းဖြင့် စက်သေနတ်များ ၊ လက်နက်ကြီးများပစ်ခက်ကာ ထိုးစစ်ဆင်ခဲ့သောကြောင့် မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေးတပ်နှင့် တစ်နေကုန် နီးပါးကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

(၁၀)နာရီကြာဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ်များမှ တူမီးလက်လုပ်သေနတ်များဖြင့်သာ ခုခံနေခဲ့ရ၍ စစ်ကောင်စီဖက်မှ လက်နက်အင်အား လူအင်အားအသာဖြင့် ထိုးစစ်ဆင်ခဲ့သောကြောင့် ယာယီ ဆုပ်ခွာပေးခဲ့ရပြီး အကြမ်းဖက်စစ်တပ်မှ စစ်ရှောင်များ ခိုလှုံနေသည့် တောင်ကြားများအထိ လိုက်လံ ပစ်ခတ်နေသောကြောင့် စစ်ဘေးရှောင်များအား ဘေးလွှတ်ရာသို့ အလျှင်မြန်ပြောင်းရွေ့ပေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လ (၇)ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်ဘေးရှောင်များ ခိုလှုံရာ နေရာများထိ ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စစ်ရှောင် များအား ရွေ့ပြောင်းပေးနိုင်ခဲ့သော်လည်း ကျန်နေခဲ့သည့်  စစ်ရှောင် ကူညီထောက်ပံရေးအတွက် အရေးပါသည့် စားနပ်ရိက္ခာ နှင့်ဆေးဝါးများအပြင် လူနာတင်ယာဥ် တစ်စီးကိုပါ စစ်ကောင်စီ တပ်များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 

အကြမ်းဖက် စစ်ကောင်စီမှ ပြည်သူပိုင် အိုးအိမ်စည်းစိမ်များကိုဖျက်ဆီး လုယူရုံမက အိုးအိမ်စွန့်ခွာ၍ စစ်ဘေး လွှတ်ရာ ရှောင်ပုန်းနေရသူများ၏ လူထုအကူညီများကိုပါ ဖျက်ဆီးမီးရှို့ ခြင်းများမှာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေသည့် သက်သေများဖြစ်ပြီး နိုင်ငံတကာ စစ်ဥပဒေများကို လေးစားလိုက်နာပြီး သတ္တိရှိရှိ ယောကျာ်းဆန်ဆန်သာ တိုက်ခိုက်ကြရန်  မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ် မှ ဇွန်လ (၁၃)ရက်နေ့တွင် သတိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။