ပွဲမစခင်ကတည်းက အောင်မြင်နေတဲ့ Silent Strike

ပွဲမစခင်ကတည်းက အောင်မြင်နေတဲ့ Silent Strike
ဇန်နဝါရီ 30, 2022 | ဆောင်းပါး

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့အတွက် အသံထက်ပြင်းတဲ့အရာ၊ လက်နက်တွေထက် အကြောက်ရဆုံးက ပြည်သူများရဲ့ အသံမထွက်တဲ့ Silent Strike လို့ ခေါ်တဲ့ အသံတိတ်သပိတ်ပါ။ ဒီသပိတ်မလုပ်ဆောင်မီ ကတည်းက သပိတ်ဟာ ဘာမှ မလုပ်ရဘဲ အောင်မြင်နေတယ်လို့ ပြောရပါလိမ့်မယ်။

ဟုတ်ပါတယ်။ လာမည့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ဆိုရင် နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းယူထားတာ (၁)နှစ်တိတိပြည့်တဲ့နေ့ ဖြစ်တဲ့အတွက် ပြည်သူများက စစ်အာဏာရှင်အုပ်ချုပ်မှုကို လုံးဝ လက်မခံဘူးဆိုတာကို ရတဲ့နည်းနဲ့ ပြသဖို့ နံနက်(၁၀)နာရီကနေ ညနေ(၄)နာရီအထိ အချိန်(၆)နာရီအတွင်း နေအိမ်ပြင်ပ မထွက်ဘဲ အသံတိတ်သပိတ်၊ တိတ်ဆိတ်သပိတ်လုပ်ကြဖို့  ပြည်သူကနေ ပြည်သူအချင်းချင်း အသိပေး နှိုးဆော်ခဲ့ကြတာပါ။

Silent Strike လုပ်ဖို့အတွက် ပြည်သူများက အွန်လိုင်းပေါ်ကနေ အဓိက လှုံ့ဆော်တိုက်တွန်းနေကြပေမဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံဌာနများကတော့ Silent Strike ကို အဖျက်အမှောက် ပြုလုပ်ဖို့အတွက် ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့က စပြီး စစ်ကောင်စီရဲ့ ဗဟိုအဆင့်ကနေ တိုင်းနှင့်ပြည်နယ်အဆင့် ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ခရိုင်/မြို့နယ်အဆင့်ဆင့် ညွှန်ကြားချက်တွေကို လုပ်လာပါတော့တယ်။

Silent Strike ကို စစ်ကောင်စီက မြို့နယ်အလိုက် ဖျက်နိုင်ရန်အတွက် "ဒေသတည်ငြိမ်အေးချမ်းရေးနှင့်အဖျက်အမှောင့်လုပ်ငန်းကာကွယ်တားဆီးရေးကော်မတီ"၊ "ဈေးဆိုင်ခန်းများ လူနေဆိုင်ခန်းများ ပျံကျဈေးဆိုင်များ စနစ်တကျ ဖွင့်လှစ်ရောင်းချရေး ကော်မတီ"၊ "အင်တာနက် အွန်လိုင်း လူမှုကွန်ယက်ပေါ်တွင် မမှန်သတင်းများ အဖျက်အမှောင့် သတင်းများ ထုတ်ဖော်ရေးကော်မတီ"၊ "လုံခြုံရေးအဖွဲ့နှင့်တရားစွဲဆိုရေးအဖွဲ့"စတဲ့ ကော်မတီတွေ အဖွဲ့တွေ ဖွဲ့စည်းပြီး ဇန်နဝါရီလ(၂၆)ရက်နေ့က စတင်ပြီး သူတို့ရဲ့ သပိတ် အဖျက်အမှောက် စစ်ဆင်ရေး စလာပါတော့တယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့တုန်းက Silent Strike မှာတော့ ဈေးတွေ၊ ဆိုင်တွေ ပိတ်ပြီး သပိတ်မှာ ပါဝင်ခဲ့ကြတဲ့အတွက် အခုလည်း ဈေးတွေ ဆိုင်တွေ မပိတ်အောင် အဓိကထား လုပ်ဆောင်ပြီး ဈေးတွေ ဆိုင်တွေ ပိတ်မယ်လို့ ဆော်ဩသူမှန်သမျှကို ဖမ်းဆီးပြီး နေအိမ်နဲ့ ဆိုင်တွေကို ပိတ်သိမ်းတဲ့အထိ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Silent Strike သပိတ်မလုပ်ဆောင်နိုင်ရန်အတွက် ဒီကဏ္ဍမှာ အဓိက တာဝန်ကျလာတာကတော့ စည်ပင်ဌာနပါ၊ စည်ပင်ဌာနဟာ ဇန်နဝါရီလ (၂၆)ရက်နေ့ကစပြီး မြို့နယ်တွင်းက ဈေးနဲ့ဆိုင်ခန်းအရေအတွက်ထဲက အဖွင့် အပိတ် စာရင်း အသေးစိတ်ကို မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ် အဆင်ဆင့် တင်ပြနေရပါတယ်။

အဲ့လိုပဲ "လုံခြုံရေးအဖွဲ့နှင့်တရားစွဲဆိုရေးအဖွဲ့"အနေနဲ့ ရဲတပ်ဖွဲ့က အဓိက တာဝန်ယူထားပေမဲ့ အမည်မပါထားတဲ့ စစ်ကောင်စီတပ်ကတော့ နေရာတိုင်း ကော်မတီတိုင်းမှာ လုံခြုံရေးအကြောင်းပြပြီး မပါမဖြစ် ပါနေပြီးတော့ မြို့တွင်းမှာ ပြည်သူတွေ မြင်တာနဲ့လန့်အောင် စစ်ကားတွေနဲ့ ဟန်ပြ လှည့်လည်နေကြပေမဲ့ သူတို့မှာ အင်အားမလောက်လို့ အခက်တွေ့နေတာကြတာနဲ့ပဲ စစ်မှုထမ်းဟောင်းတွေကို အားကိုးဖို့လည်း စီစဉ်နေကြပါသေးတယ်။

နောက်ပြီး စစ်ကောင်စီကို ကိုယ်ကျိုးအတွက် ထောက်ခံအားပေးနေကြသူတွေက အာဏာသိမ်းခြင်း ထောက်ခံပွဲတွေ၊ ပျော်ပွဲ ရွှင်ပွဲ ပြိုင်ပွဲတွေ ဆင်နွှဲ့ဖို့ ပြင်ဆင်နေကြတာတွေလည်း ရှိနေပါတယ်။

အဓိက ဆိုလိုရင်းကတော့ Silent Strike ကို ပြည်သူတွေ မလုပ်ဆောင်မီမှာဘဲ ကြိုတင်အောင်မြင်မှု ရနေတယ်လို့ မြင်ရတဲ့ အကြောင်းအရင်းတွေကတော့ Silent Strikeအတွက် ဒေသအလိုက် စစ်ကောင်စီ လက်အောက်ခံဌာနတွေဟာ အစည်းဝေးတွေ ခဏခဏ လုပ်နေရတာတွေ၊ ကော်မတီတွေ ဖွဲ့နေရတာတွေ၊ တစ်ပတ်အလိုကနေ နေ့ရော ညပါ စစ်ကားတွေ အချုပ်ကားတွေနဲ့ ဟန်ပြလှည့်နေရတာတွေ၊ စူပါမတ်ကတ်ကနေ ကွမ်းယာဆိုင်အထိ ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ဆိုင်မပိတ်ဖို့ မဖြစ်မနေ ဆိုင်ဖွင့်ကြဖို့ စာအရ၊ နှုတ်အရ လိုက်လံ အသိပေး ခြိမ်းခြောက်နေတာတွေ စတဲ့ အကြောင်းအရာတွေနဲ့တင် Silent Strike ဟာ စစ်ကောင်စီရဲ့ လက်အောက်ခံအားလုံးကို အလုပ်ကောင်းကောင်းပေးပြီး စိတ်အနှောက်အယှက်ပေးနိုင်လို့ပါ။

ဟုတ်တယ်ဗျ။ ရဲတွေကလည်း ဒေသအလိုက် Facebook ပေါ်က လူတွေကို စောင့်ကြည့်နေသလို၊ သူတို့ သိပ်မကျွမ်းတဲ့အခါမှာလည်း လူငှားပြီးတော့ကို ဒေသအလိုက် စွာနိုင်သူတွေရဲ့ အကောင့်ကို စောင့်ကြည့်ခိုင်းပြီး မအလ ဆန့်ကျင်ရေးနဲ့ ပတ်သက်တာ အသံတိတ်သပိတ်နဲ့ ပတ်သက်တာမျိုး ရေးတာတွေ့ရင် စခရင်ရှော့(SS)ရိုက်ခိုင်းပြီး မှတ်တမ်းထားတာမျိုးတွေ လုပ်ခိုင်းထားတာမျိုးတွေရှိတယ်။ ပြောရရင် ဒလန်မွေးထားတာပေါ့

လို့ ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြန်ပြောပြထားပါတယ်။

တကယ်တော့ Silent Strike သပိတ်ဆိုတာက သတ်မှတ်အချိန် (၆)နာရီအတွင်း နေအိမ်ပြင်ပမထွက်ဘဲ နေဖို့ပါပဲ။ ဈေးနဲ့ဆိုင်ခန်းတွေ ပိတ်ဖို့ နှိုးဆော်ထားတာ မဟုတ်ဘူးဆိုတာကို တွေ့ရပါတယ်။ စစ်ကောင်စီဟာ ဈေးသည်တွေကို ခြိမ်းခြောက် အနိုင်ကျင့်လို့ရပေမဲ့ ဈေးသည်မဟုတ်တဲ့ ပြည်သူတွေ လမ်းပေါ်မထွက်တဲ့ ပြည်သူတွေကို မဖြစ်မနေ အားလုံး ထွက်ကြပါဆိုပြီး ခြိမ်းခြောက် အနိုင်ကျင့်လို့မရပါဘူး။ 

သို့ပေမဲ့ တစ်ခုရှိတာက သတ်မှတ်ထားတဲ့ နံနက်(၁၀)နာရီကနေ ညနေ(၄)နာရီအထိ အပြင်ထွက်ကြဖို့အတွက် မက်လုံး အမျိုးမျိုးတွေ ပေးတဲ့ အစီအစဉ်လည်း လုပ်နေကြသေးတယ်။

Silent Strike ပြုလုပ်ဖို့ မြေပြင် နဲ့ အွန်လိုင်းပေါ်ကနေ စည်းရုံးလှုံ့ဆော်နေတာတွေကို  ကြိုတင်သတင်းလက်ဦးမှု ရရှိဖို့ဆိုပြီး အဓိက စောင့်ကြည့်ဖို့ တာဝန်ပေးထားတယ်။ လှုံ့ဆောင်သူရဲ့ အမည်အပါအဝင် အချက်အလက်တွေရောပေါ့။ ဈေးသည်ဆိုရင်လည်း အမည်ရော အချက်အလက်ရော မှတ်ထားဖို့ အထက်က ဘာကို ကြောက်နေလဲ မသိဘူး။ တစ်နေ့ တစ်နေ့ အခြေအနေတွေကို ပြန်ပြန် တင်ပြနိုင်ဖို့ မိုးလင်းတာနဲ့ စောင့်ကြည့်ရတာ။ တခုခု ကို မသိလိုက်ဘူးဆိုရင် ထောင်းခံရမှာဆိုတော့ သေချာ စောင့်ကြည့်နေရတယ်။ တော်တော်များများကို မမြင်သလိုဘဲ လွှတ်ထားပေးလိုက်တယ်။  Silent Strikeကို သူတို့တွေ သေလောက်အောက် ကြောက်နေပုံရတယ်

လို့ အာဏာသိမ်းအဖွဲ့၏ Silent Strike တားဆီးရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။



အာဏာသိမ်းစစ်ကောင်စီဟာ Silent Strike ကို အကြောက်လွန်ပြီး  နည်းမျိုးစုံနဲ့ တားမြစ်ပြီး ဆိုင်များဖွင့်ရန် ကြိုးစား ပမ်းစားလုပ်နေကြပေမယ့်  အဲ့ဒီနေ့မှာ ဆိုင်များဖွင့်ထားသော်လည်း သတ်မှတ်အချိန်အတွင်း ဈေးဝယ်မထွက်ဘဲနေတာတွေ၊ လမ်းမပေါ် မထွက်ဘဲနေတာခြင်းဖြင့် အသံတိတ်သပိတ်ကို လုပ်ဆောင်ကြဖို့  ပြည်သူများက အချင်းချင်းအသိပေးလုပ်ဆောင်နေကြသည်ကိုတွေ့ရပါတယ်။

Silent Strike ကို နှိုးဆော်ရုံနဲ့တင် အောင်မြင်နေပြီမို့  ဘေးကင်းကင်းနဲ့ ဆက်လက် အောင်မြင်ရေးကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီက ညနေ(၄)နာရီအတွင်း ဈေးတွေ ဆိုင်တွေ ဖွင့်ထားကြပေမဲ့ ကျန်တဲ့ ပြည်သူများက နေအိမ်အပြင်မထွက်ဘဲ အချိန်(၆)နာရီလောက် အောင့်အီးနေလိုက်ရင် ပြည်သူတွေရဲ့ ညီညာမှုဟာ အသံထက်ပြင်းတဲ့အရာ လက်နက်ထက် ကြောက်စရာကောင်းတဲ့အရာဆိုတာကို ကမ္ဘာက ပိုသိသွားစေမှာ မလွဲပါ။