မိုင်းဆတ်မြို့နယ်အတွင်း CDM ပြုလုပ်၍ ထုတ်ပယ်ခံရသည့် ဆရာ၊ဆရာမများနှင့် ပညာရေးဝန်ထမ်းများ အတိုးမဲ့‌ ချေးငွေ ပြန်ဆပ်ရန် ပညာရေးရုံးက အကြောင်းကြား

မိုင်းဆတ်မြို့နယ်အတွင်း CDM ပြုလုပ်၍ ထုတ်ပယ်ခံရသည့် ဆရာ၊ဆရာမများနှင့် ပညာရေးဝန်ထမ်းများ အတိုးမဲ့‌ ချေးငွေ ပြန်ဆပ်ရန် ပညာရေးရုံးက အကြောင်းကြား
ဇွန် 11, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ CDM လုပ်ဆောင်ထားပြီး ရာထူးမှ ထုတ်ပယ်ခံရသည့် ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများကို (၂)လစာ ချေးငွေများ ပြန်လည်ပေးသွင်းရေး ဆက်လက်ညွှန်ကြားရန် မိုင်းဆတ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှက လက်မှတ်ရေးထိုးပြီး ဇွန်လ(၉)ရက်နေ့က အကြောင်း ကြားထားကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်အတွင်း ကျောင်းအုပ်များ နှင့် ကျောင်းတာဝန်ခံများမှ တဆင့် CDM လုပ်၍ ထုတ်ပယ်ခံရသည့် ဆရာ၊ဆရာမများအား ထပ်ဆင့်ညွှန်ကြားရန်အတွက် ယင်းသို့ အသိပေးခြင်း ဖြစ်သည်။

အကြောင်းကြားစာတွင် အတိုးမဲ့ချေးငွေ (၂) လစာကို ပြန်လည်ပေးသွင်းခြင်း၊ ပေးလျော်ခြင်းမရှိပါက ဥပဒေအရ အရေးယူမည်ဟုလည်း ဖိအားပေးခြိမ်းခြောက်ထားသည်ကို တွေ့ရသည်။

မိုင်းဆတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ CDM ပညာရေးဝန်ထမ်းများကို အာဏာသိမ်းအဖွဲ့က အလုပ်မှ ထုတ်ထားပြီးနောက် ပြည်သူ့အစိုးရက ဝန်ထမ်းများအား COVID 19 ကာလတွင်း သက်သာခွင့်အဖြစ် ချေးပေးထားသည့် အတိုးမဲ့ချေးငွေ (၂) လစာနှင့် ပညာတော်သင်ဆုရထားသူများ ပညာတော်သင်လျော်ကြေးများကို ပြန်တောင်းကြရန် အာဏာသိမ်းစစ်ကောင်စီက ညွှန်ကြားထားချက်ကို ဌာနအသီးသီး၏ အဆင့်အသီးသီးက ဆက်လက် အကောင်အထည်ဖေါ်နေကြခြင်းဖြစ်သည်။

ပြည်သူ့အစိုးရက ဝန်ထမ်းများအား COVID 19 ကာလတွင်း သက်သာခွင့်အဖြစ် ချေးပေးထားသည့် အတိုးမဲ့ချေးငွေ (၂) လစာနှင့် ပတ်သက်၍ CDM လုပ်ဆောင်သည့် ဝန်ထမ်းများ ပြေလည်စေရေးအတွက်ဟုဆိုကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ပြန်လည်ပေးဆပ်ရန် မလိုတော့ကြောင်း အသိပေးထုတ်ပြန်ထားသော်လည်း အာဏာသိမ်းစစ်ကောင်စီက အတိုးမဲ့ချေးငွေများကို ပြန်တောင်းနေခြင်း ဖြစ်သည်။

#TachileikNewsAgency