မဲဆောက် - မြဝတီလမ်းကြောင်းမှ တဆင့် နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ မဲဆောက်တွင် ပိတ်မိနေ

မဲဆောက် - မြဝတီလမ်းကြောင်းမှ တဆင့် နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ မဲဆောက်တွင် ပိတ်မိနေ

ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှစ၍ မြန်မာဘက်က အဝင်လက်ခံခြင်းကို (၂) ပတ်ကြာပိတ်ထားရာ မဲဆောက်ဘက်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ပိတ်မိနေပြီး မြန်မာဘက်အဝင်အတွက် လုပ်ပေးမည်ဟုဆိုကာ လိမ်လည်မှုများလည်းရှိနေကြောင်း သိရသည်။

မြန်မာသံရုံး ထောက်ခံစာယူပေးမယ်။ နယ်စပ်တံတား ၂ ကို ပြန်ပို့ပေးမယ်ဆိုပြီး တစ်ဦးကို ဘတ် (၁,၁၀၀) ကနေ ဘတ် (၅,၀၀၀) ကျော်အထိ လိမ်လည်ကောက်ခံနေတဲ့ ထိုင်း-မြန်မာပွဲစားအချို့ရဲ့ စကားကို မယုံပါနဲ့။ တံတားမှာ ယခုပိတ်မိနေသူတွေထဲမှာ ပွဲစားအလိမ်ခံရလို့ ငွေတွေ ထပ်မံကုန်ကျခဲ့သူတွေ အများကြီးပါနေတယ်။

ဟု ထိုင်းအခြေစိုက်အလုပ်သမားကူညီစောင့်ရှောက်ရေး (AAC - မဟာမိတ်အဖွဲ့)မှ ကိုရဲမင်းက ဇွန်လ(၁၀)ရက်နေ့တွင် သတိပေးထားသည်။

လက်ရှိတွင် မြန်မာရွှေ့ပြောင်းလုပ်သား (၁၃၀) ဦး၊ လဝကစခန်းတွင် (၂၆၅) ဦးနှင့် ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ဖြတ်ဝင်၍ ဖမ်းခံရသူအပါအဝင် စုစုပေါင်း (၄၁၉) ဦးမှာ မဲဆောက် - မြဝတီလမ်းကြောင်းမှပြန်ရန် မဲဆောက်ဘက်၌ ပိတ်မိနေကြပြီး စားသောက်ရေးအတွက် အခက်အခဲအချို့လည်းရှိနေသည်ဟု သိရသည်။

ထိုင်းအခြေစိုက်အလုပ်သမားကူညီစောင့်ရှောက်ရေး (AAC - မဟာမိတ်အဖွဲ့)ကလည်း ၂၀၂၁ခုနှစ် ဇွန်လ (၁၀) ရက်နေ့တွင် နေရပ်ပြန်ရန် စောင့်ဆိုင်းနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား သွားရောက်လှူဒါန်းကျွေးမွေးရာ၌  မြန်မာရွှေ့ပြောင်းလုပ်သားများအား လှူဒါန်းသူများရှိသော်လည်း ဆက်လက်၍ ကျွေးမွေးလှူဒါန်းမှုများလည်း လိုအပ်နေသည်ဟု သိရှိရကြောင်း သိရသည်။



#TachileikNewsAgency

Photo: Ye Min(AAC)