လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်က ပစ်ခတ်၍ လမ်းသွားလမ်းလာအမျိုးသားတစ်ဦး သေဆုံး

လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်က ပစ်ခတ်၍ လမ်းသွားလမ်းလာအမျိုးသားတစ်ဦး သေဆုံး
ဇွန် 4, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့ နံနက်ပိုင်းမှစ၍ လမ်းများတွင် ဝင်ထွက်သွားလာ ပစ်ခတ်မှုများ လုပ်နေရာ နေ့လယ် (၁) နာရီဝန်းကျင်၌ မိုင်းလုံးရပ်ကွက်အတွင်း လမ်းမကြီးတွင် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများစွာဖြင့် သေဆုံးသွားရကြောင်း သိရသည်။

မြို့ထဲပတ်သွားနေတယ်။ မြင်သမျှ စိတ်ထင်သလို အကုန်လိုက်ပစ်နေတယ်။ သူတို့ကိုကြည့်ရတာ မူးယစ်ဆေးကြောင်နေတဲ့ကောင်တွေလိုပဲ။ သူတို့တွေ့သမျှ အကုန်ပစ်တယ်။ လမ်းဘေးက ဆိုင်တွေကို ဖောက်တယ်။ အခုဦးလေးက ရပ်ကွက်ထဲကနေ ဆိုင်ကယ်နဲ့ထွက်လာတာ။ အဲဒါ ပစ်ခံလိုက်ရတာပေါ့။ ပွဲချင်းပြီးပဲ ဆုံးသွားတယ်။

ဟု လွိုင်ကော်မြို့မှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နံနက်ပိုင်းကတည်းက လွိုင်ကော်မြို့ ပေါ် ရပ်ကွက်များတွင် လှည့်လည်သွားလာကာ ပစ်ခတ်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က မိုင်းလုံးရပ်ကွက်မှ လမ်းမကြီးပေါ်သို့ ဆိုင်ကယ်ဖြင့် ထွက်လာသည့် အမျိုးသားတစ်ဦးကို ဝိုင်းပစ်ကြသဖြင့် နေရာတွင် သေဆုံးသွားရခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် (၃၀) ကျော်ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပြီး စစ်ကောင်စီမှ ဝမ်းဗိုက်နှင့် ဦးခေါင်းတွင် ကျည်ထိမှန်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။