လွိုင်ကော်စစ်ရှောင်များနေသည့် ဘာသာရေးအဆောက်အဦးသို့ စစ်ကောင်စီတပ်က ဝင်ရောက်ကာ အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်သွား

လွိုင်ကော်စစ်ရှောင်များနေသည့် ဘာသာရေးအဆောက်အဦးသို့ စစ်ကောင်စီတပ်က ဝင်ရောက်ကာ အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်သွား
မေ 29, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်ရှိ စစ်ရှောင်များ ခိုလှုံနေသည့် ဘာသာရေးအဆောက်အဦးဝန်းထဲသို့ ၂၀၂၁ ခုနှစ်၊ မေလ (၂၉) ရက်နေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က ဝင်ရောက်ကာ အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ရဟန်းဖြစ်သင်ကျောင်းထဲကို စစ်သားတွေက အုတ်တံတိုင်းကျော်ပြီး ခုန်ဝင်လာတာ ။ အဲဒီမှာ အစောင့်အနေနဲ့ ရှိနေတဲ့ ဦးဖရေရယ်က လန့်ပြီးထပြေးတာကို သူတို့က ပစ်လိုက်တာ။ အဲဒီမှာ အစောင့် (၃)ယောက်ရှိတာ။ ကျန်တဲ့ နှစ်ယောက်ကို လက်မြှောက်ခိုင်းတာ မြှောက်ထားတော့ သူတို့ကို မပစ်ဘူး ။ ဖမ်းဆီးတာတော့ မရှိဘူး ။ စစ်ရှောင်တွေရှိနေတဲ့ အဆောင်တွေထဲ ဝင်စစ်သွားတယ်။ တစ်ချို့ရဲ့ စားစရာနဲ့ ပိုက်ဆံ တစ်ချို့ယူသွားတာရှိတယ်။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စစ်ရှောင်များခိုလှုံနေသည့် ဘာသာရေးအဆောက်အဦးဝန်းထဲသို့ မေလ (၂၉) ရက်နေ့ ညနေပိုင်းတွင် အာဏာသိမ်းအဖွဲ့က အုတ်တံတိုင်းပေါ်မှ တိတ်တဆိတ်ကျော်ဝင်လာစဉ် ကြောက်လန့်ပြီး ထွက်ပြေးရာမှ သေနတ်ဖြင့်ပစ်သတ်ခံရသူမှာ နာနတ်တောရပ်ကွက်အနီးရှိ ရေယိုကျေးရွာ၏ ရာအိမ်မှူးဟောင်းတစ်ဦးဖြစ်ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သူတို့အဆောင်ထဲမှာ လာပြီး ဝင်ကြည့်တယ်။ စစ်တဲ့သဘောမျိူးပေါ့။ ဒီမှာလာနေစရာမလိုပါဘူး။ ငါတို့ဘာမှ မလုပ်ပါဘူးလို့ပြောတယ်ပေါ့။ စားစရာ တစ်ချို့တောင် တောင်းစားသေးတယ်။ ပစ်လိုက်တာက PDF ထဲက ထင်လို့ ပစ်လိုက်တာလို့ စစ်တပ်ဖက်က ပြောသွားတယ်လို့ သိရတယ်

ဟု ဒေသခံတစ်ဦးက ပြောသည်။

မေလ ၂၉ ရက်နေ့ နေ့လည်(၁) နာရီကျော်ဝန်းကျင်မှစ၍ နာနတ်တောရပ်ကွက်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်များမှ လှည့်လည်သွားလာနေခဲ့ပြီး ညနေပိုင်းတွင်း အလံဖြူထောင်၍ စစ်ရှောင်များခိုလှုံနေသည့် ဘာသာရေး အဆောက်အဦး တွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ညနေ (၅)နာရီကျော်ဝန်းကျင်တွင် ပြန်ထွက်သွားကြောင်း သိရသည်။