ကျောက်မဲမြို့တွင် အာဏာသိမ်းစစ်တပ်နှင့်ရဲများ စောင့်ကြပ်နေသည့် အခြေခံပညာကျောင်းများတွင် ယူနီဖေါင်းမဝတ်သည့် ဆရာ၊ဆရာမများက ကျောင်းအပ် လက်ခံနေ

ကျောက်မဲမြို့တွင် အာဏာသိမ်းစစ်တပ်နှင့်ရဲများ စောင့်ကြပ်နေသည့် အခြေခံပညာကျောင်းများတွင် ယူနီဖေါင်းမဝတ်သည့် ဆရာ၊ဆရာမများက ကျောင်းအပ် လက်ခံနေ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ယနေ့  ၂၀၂၁ ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့်ရဲများစောင့်ကြပ်နေပြီး ကျောင်းဝတ်စုံမဝတ်သည့် ဆရာ၊ဆရာမများက ကျောင်းအပ်လာသူအနည်းငယ်ကို ကျောင်းလက်ခံနေကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက အခြေခံကျောင်းများ စတင်ဖွင့်လှစ်သည့် မေလ (၂၄) ရက်နေ့တွင် ကျောက်မဲရှိ အခြေခံကျောင်းများကို အာဏာသိမ်းစစ်တပ်နှင့်ရဲအဖွဲ့က စောင့်ကြပ်နေသည့်အပြင် ကား (၄) စီးဖြင့်ပါ ပတ်နေကြောင်း သိရသည်။

ကျောင်းဝင်းအတွင်းတွင် CDM မလုပ်သည့် ဆရာ၊ ဆရာမများက ယူနီဖောင်းမဝတ်ဘဲ ကျောင်းအပ်လက်ခံနေကြပြီး ကျောင်းအပ်နှံသူနည်းသဖြင့် နံနက် (၁၁) နာရီဝန်းကျင်တွင် ကျောင်းတံခါးများ ပိတ်သွားသည်ဟု သိရသည်။

ကျောက်မဲမြို့ပေါ်ကျောင်းများအနက်  အမှတ် ၃၅၂ အမြောက်တပ်အနီးရှိ အထက ၃ ( အရပ်အခေါ် စစ်တပ်ကျောင်း )၌ တပ်မိသားစုများသာ ကျောင်းလာအပ်သည်ကို တွေ့ရကြောင်း သိရသည်။

ပြည်သူရွေးကောက်ထားသည့်အစိုးရကို ဖမ်းဆီး၊ ပြည်သူ့မဲဆန္ဒရလဒ်ကို ပယ်ဖျက်ရန်ကြိုးစားပြီး နိုင်ငံ့အာဏာသိမ်းထားသည့် စစ်တပ်က နိုင်ငံ့အာဏာသိမ်းထားသည့် (၄) လဝန်းကျင်ကြာသည်အထိ စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများ၊ ပြည်သူ့ဝန်ထမ်းများ၏ ဆန့်ကျင်မှုကို လက်နက်ကိုင် စစ်တပ်နှင့်ရဲအဖွဲ့ကိုသုံး၍ နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်ဖြိုခွဲနှိမ်နှင်းနေသည့်နည်းတူ ဆေးရုံများ၊ ကျောင်းများကို ဖွင့်လှစ်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။