တာချီလိတ်မြို့ ဝှေလေလန်တွင် ကုန်စိမ်းသည်အမျိုးသမီးတစ်ဦးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွား

တာချီလိတ်မြို့ ဝှေလေလန်တွင် ကုန်စိမ်းသည်အမျိုးသမီးတစ်ဦးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွား

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်ဂိတ်အကျော်တွင် အမျိုးသမီးတစ်ဦးကို ဓါးနှင့်သေနတ် ကိုင်ဆောင်ထားသည့် လူငယ်အဖွဲ့က ရိုက်နှက်ပြီး ဆိုင်ကယ်လုယူမှု ၂၀၂၁ခုနှစ် မေလ(၂၀)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ဝှေလေလန်ဂိတ်အကျော်၊ ဝက်သတ်ရုံရှေ့ လမ်းတွင် မြို့တွင်းသို့ သီးနှံများ သွားရောက်ရောင်းချရန်အတွက် ဆိုင်ကယ်ဖြင့် ထွက်လာသည့် အသက်(၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးကို အသက်(၁၈)နှစ်ဝန်းကျင်ရှိ ဓါးနှင့်သေနတ်ကိုင်ဆောင်ထားသည့် လူငယ်အဖွဲ့တစ်ဖွဲ့က ရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဝက်သတ်ရုံရှေ့မှာ ဖြစ်တာ ကောင်လေးတွေက အသက်(၁၇)(၁၈)နှစ်အရွယ်လေးတွေပဲ (၁၀)ဦးလောက်ရှိတယ်။ ဓါးတစ်ယောက်တစ်လက်ကိုင်ထားတယ်။ သေနတ်အတိုလည်း ပါတယ်။ သွားတာက ဆိုင်ကယ်(၃)စီးသွားတာ သူ့အဖော်တွေက ကြောက်လို့ မောင်းပြေးပြီးထွက်ပြေးတော့ ကျန်ခဲ့တာ။ ဆိုင်ကယ်ပေါ်ကနေလည်း ကန်ချတယ်၊ ဓါးရဲ့လက်ကိုင်နဲ့လည်း ရိုက်တယ်ပြောတယ်။ ဆိုင်ကယ်ကို ယူပြီးသွားတာတောင် သေနတ်နဲ့မြေကြီးမှာ တစ်ချက်ဖောက်ပြီး ခြိမ်းခြောက်သေးတယ်တဲ့

ဟု ဆိုင်ကယ်လုယူခံရသူ အမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၂၀)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

ရိုက်နှက်လုယက်ခံရသူမှာ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင့်နောင်ဈေးတွင် စိုက်ပျိုးသီးနှံကုန်စိမ်းများ နေ့စဉ် လာရောက်ရောင်းချသူဖြစ်ကြောင်း သိရသည်။

အဲ့ဒီနားမှာ ခဏခဏ လုယက်မှုတွေ ဖြစ်တယ်ပြောတယ်။ သူတို့က  အရမ်းရိုးတော့ ဘယ်သူ့ကိုမှ မတိုင်ရဲဘူးတဲ့၊ ဒီအစ်မကြီးက ဒါနဲ့ဆို (၂)ခါရှိပြီတဲ့ ပြီးခဲ့တုန်းကလည်း ဓားနဲ့လည်ပင်းကို ထောက်ပြီး လုယက်တာခံခဲ့ရတယ်။ ဒီလိုကြုံရတာ သူတစ်ယောက်တည်းမဟုတ်ဘူးတဲ့ ဝမ်းစာရေးအတွက်ကြောင့် မဖြစ်မနေ လာရတာလို့ဆိုပြီး ငိုပြီးတော့ ပြောပြတယ်။ ခေါင်းလဲ ဓါးရိုးနဲ့ရိုက်ထားတာ ဖူးရောင်နေတယ်

ဟု ၎င်းက ဆက်လက်ပြောပြသည်။

တာချီလိတ်မြို့တွင် ယခင်ကထက် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း ဖေဖော်ဝါရီလ၏ လလယ်ကစ၍ ယနေ့အထိ ခိုးမှု နှင့် လုယက်မှုများ ပေါ်ပေါ်ထင်ထင်ဖြစ်ပေါ်နေသော်လည်း ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ နှင့် ရဲတပ်ဖွဲ့က ဒေသတွင်းနေ ပြည်သူများ၏ လုံခြုံမှုကို မစွမ်းဆောင်ပဲဖြစ်နေကြောင်း ဝေဖန်သံများ ထွက်ပေါ်နေသည်။

အရင်ကတည်းကတော့ ခိုးမှုတွေက ရှိနေတာပါပဲ အခုကာလလောက်တော့ မများဘူးပေါ့။ လုယက်မှုကလည်း နည်းတယ်။ ခုကတော့ အတော်များလာပြီ။ အခုကာလမှာက ရဲကလည်း  ဒေသတွင်းက ခိုးမှုတွေ၊ လုယက်မှုတွေကို ဖမ်းဆီးတာတွေ။ တားဆီးတာတွေမရှိတော့ ပြည်သူကို ကာကွယ်မပေးသလိုဖြစ်တာပေါ့။ ခုတော့ လောင်းကစားတွေသာ ပိုများလာတယ်။ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးပိုင်းကလည်း ဒါတွေကို ဖိအားပေး လုပ်ဆောင်ခိုင်းဖို့ မစွမ်းသာဘူးထင်ပါရဲ့ဗျာ။

ဟု တာချီလိတ်မြို့ခံတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ခိုးမှု၊ လုယက်မှု စသည့် ဒုစရိုက်မှုများ နေ့စဉ်ဖြစ်ပွားနေသော်လည်း ခံရသူ ပြည်သူများမှာ သွားရောက်တိုင်ကြားသည့်အခါမှာလည်း သက်ဆိုင်ရာဌာနများမှ တိုင်ကြားမှုကိုသာ လက်ခံထားပြီး ထိရောက်စွာ လုပ်ဆောင်ပေးခြင်းမရှိ၍ အကူအညီတောင်းခံရန် အခက်အခဲများ ဖြစ်ပေါ်နေ‌ကြောင်း သိရသည်။ 

ဖြစ်ပွားသည့်နေရာ ပြင်ဆင်ချက်။ ။

ဖြစ်ပွားသည့်နေရာမှာ ဦးထွန်းအောင်တံတားအကျော်။ စက်မှုဇုန်လမ်း၊ လမ်းဘေးခြံငှက်ပျောပင်များစိုက်ထားသည့်နေရာအရောက်တွင် ဖြစ်ပွားခြင်း ဖြစ်ပါသည်။