တာချီလိတ်သတင်းအေဂျင်စီ၏ အလုပ်သင်သတင်းထောက်ဟောင်း တစ်ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်

တာချီလိတ်သတင်းအေဂျင်စီ၏ အလုပ်သင်သတင်းထောက်ဟောင်း တစ်ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်
မေ 15, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အခြေစိုက်သည့် Tachileik News Agency ၏ သတင်းထောက်ဟောင်းတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ် မေလ (၁၃) ရက်နေ့တွင် တာချီလိတ်နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မေလ (၁၅) ရက်နေ့တွင် ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်ပြီး သတင်းမီဒီယာများကို စတင်ထိန်းချုပ်ရန်ကြိုးစားလာမှုများကြောင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ပထမပတ်မှစ၍ သတင်းအေဂျင်စီ၏ရုံးခန်းအား မူလနေရာမှ ရွှေ့ပြောင်းအခြေစိုက် လုပ်ကိုင်နေရသဖြင့် အလုပ်သင် ဓာတ်ပုံသတင်းထောက် ကိုကျော်ဇင်ဟိန်း အပါအဝင် အလုပ်သင်ဝန်ထမ်းများအား လုပ်ငန်းတာဝန်များမှ ရပ်ဆိုင်းပေးထားခဲ့ခြင်းဖြစ်သော်လည်း တာချီလိတ်ရဲတပ်ဖွဲ့က မေလ (၁၃) ရက်နေ့ ညနေပိုင်းတွင် ကိုကျော်ဇင်ဟိန်းအား နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖြစ်ကြောင်း သိရသည်။

ကိုကျော်ဇင်ဟိန်းအား လက်ရှိအချိန်တွင် တာချီလိတ်ရဲစခန်း၌ ထိန်းသိမ်းထားသည်ဟု သိရပြီး မည်သည့်အတွက်ကြောင့် အမှုဖွင့်ဖမ်းဆီးထားသည်ကို မသိရသေးပါ။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် ဖေဖေါ်ဝါရီလ (၂) ရက်နေ့မှစ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်အခြေစိုက် မီဒီယာများအား စစ်ဗျူဟာမှူးထံ လာရောက်တွေ့ဆုံရန်နှင့် စစ်တပ်ကအာဏာသိမ်းသည်ဟုမရေးရန် အပါအဝင် သတင်းလွတ်လပ်ခွင့်အပေါ် ထိန်းချုပ်ရန် စတင်လုပ်ဆောင်လာမှုများကြောင့် တာချီလိတ်သတင်းအေဂျင်စီအနေဖြင့် လွတ်လပ်သည့် သတင်းမီဒီယာတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် သတင်းဌာနအား လုံခြုံရေးအရ ရွှေ့ပြောင်းခြင်းကို စတင်လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် တာချီလိတ်သတင်းအေဂျင်စီမှ သတင်းသမား (၅) ဦးကို ပုဒ်မ ၅၀၅ (က)/၁၁၄ ၊ ၅၀၅ (ခ)၊ ၁၂၄၊ ၆၆ (ဃ)၊ သဘာဝဘေးပုဒ်မ ၂၅ အသီးသီးဖြင့် အမှုဖွင့်ထားကာ လိုက်လံဖမ်းဆီးနေသည့်အပြင် သတင်းဌာန၏ လုပ်ငန်းလိုင်စင်ကိုလည်း ၂၀၂၁ခုနှစ် ဧပြီလ (၂၀) ရက်နေ့တွင် ပိတ်သိမ်းပြီးနောက် သတင်းဌာန၏ အလုပ်သင်ဝန်ထမ်းဟောင်း တစ်ဦးကိုပါ ဖမ်းဆီးပြီး  ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လာခြင်းဖြစ်သည်။



အာဏာသိမ်းစစ်ကောင်စီသည် လွတ်လပ်သည့် သတင်းမီဒီယာများအပေါ် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်း၊ သတင်းသမားများအား ဖမ်းဆီး၊ အမှုဖွင့်ခြင်းများ ပြုလုပ်နေရာ မေလ (၁၅) ရက်နေ့အထိ ရရှိထားသည့် စာရင်းများအရ နိုင်ငံတဝန်းတွင် အမှုဖွင့်၊ ဖမ်းဆီးခံရသည့် သတင်းသမားဦးရေ စုစုပေါင်း (၁၀၄)ဦးရှိနေပြီး သတင်းဌာနပေါင်း (၈)ခု၊ တရားစွဲဆိုခံရသည့် သတင်းဌာန (၁) ခုရှိနေပြီဖြစ်သည်။



အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနများဖြစ်သည့် တာချီလိတ်သတင်းအေဂျင်စီမှ ၅၀၅-က ဖြင့် ဖမ်းဆီးထားသည့် သတင်းသမား (၁) ဦးနှင့် အမှုဖွင့်ခံထားရသည့် သတင်းသမား (၅)ဦး၊ ကမ္ဘောဇတိုင်းသတင်းဌာနမှ သတင်းသမား (၂)ဦး အပါအဝင် ၅၀၅-က ဖြင့် ဖမ်းဆီးထားသူ စုစုပေါင်း (၄) ဦး၊  မဲခေါင်သတင်းဌာနမှ ၅၀၅-က ဖြင့် အမှုဖွင့်ခံရသည့် သတင်းသမား (၁)ဦး၊ eastern furter news agency  မှ ၅၀၅-က ဖြင့် အမှုဖွင့်ခံရသည့် သတင်းသမား (၁)ဦးနှင့် SH Media မှ  ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် (၁)ဦးတို့ကို အမှုဖွင့်ထားသည့် အပြင် တာချီလိတ်သတင်းအေဂျင်စီ၏ လုပ်ငန်းလိုင်စင်ရုပ်သိမ်းလိုက်ပြီး ရွှေဖီမြေသတင်းအေဂျင်စီ၏ ရုံးခန်းကိုလည်း သော့ဖျက်ဝင်ရောက်ကာ မွှေနောက်ရှာဖွေခြင်းကို လုပ်ဆောင်သည်ကို တွေ့ရသည်။