ကျိုင်းတုံမြို့တွင် (၂)ရက်အတွင်း ဖမ်းဆီးခံထားရသည့် လူငယ်(၅)ဦးကို  ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ပြီး (၃)ဦးကို လက်နက်မှုဖွင့်ပါ ထပ်တိုး အမှုဖွင့်

ကျိုင်းတုံမြို့တွင် (၂)ရက်အတွင်း ဖမ်းဆီးခံထားရသည့် လူငယ်(၅)ဦးကို  ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ပြီး (၃)ဦးကို လက်နက်မှုဖွင့်ပါ ထပ်တိုး အမှုဖွင့်
မေ 15, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မေလ(၁၃)ရက်နေ့နှင့် မေလ(၁၄)ရက်နေ့များက ဖမ်းဆီးခံရသည့် လူငယ်(၆)ဦးအနက် (၅)ဦးကို ပုဒ်မ ၅၀၅-က အပါအဝင် သီးခြား ပုဒ်မများဖြင့်ပါ ဖွင့်လှစ်ထားကြောင်း သိရသည်။

 

မေလ(၁၃)ရက်နေ့က ဖမ်းဆီးခံရသည့် ဇေယျာလင်း၊ ချမ်းမြေ့၊ လင်းထင်ကျော် နှင့် အာကာဟိန်းတို့အနက် ဇေယျာလင်း နှင့် လင်းထင်ကျော်တို့ကို ပုဒ်မ ၅၀၅-က နှင့် ၁၉(စ)တို့ဖြင့် အမှုဖွင့်ထားပြီး ချမ်းမြေ့အား ပုဒ်မ - ၄၃၆ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဲ့ဒီနေ့ရဲ့ နေ့လည် (၂)နာရီလောက်က ထွေအုပ်က အမျိုးသမီးတစ်ယောက် အိမ်ထဲကို ဝင်မေးတာတဲ့ ဇေယျာလင်း ရှိလားဆိုပြီး။ ရှိတယ်ဆိုတော့  သူတို့အိမ်နားက ကျောင်းဝန်းထဲမှာ ရပ်ထားတဲ့ စစ်ကားတွေနားကို  တခါထဲခေါ်သွားတာ။ သူတို့ အိမ်ထဲဝင်မွှေ‌သွားသေးတယ်လို့ သိရတယ်။ နွေဦးတော်လှန်ရေးဦးထုပ်ရယ်၊ မက်စ်ရယ်၊ လက်လုပ်မိုင်းပုံစံမျိုးလည်း သိမ်းသွားတယ်လို့ ကြားတယ်

ဟု လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

မေလ(၁၄)ရက်နေ့က ဖမ်းဆီးခံရသည့် ဝဏ္ဏအောင် နှင့် စောဂျပ်စန်ပါဝါတို့အနက် ဝဏ္ဏအောင်အား လက်လုံးဗုံးဟု ယူဆရသည့် ပစ္စည်းများဖြင့် ဖမ်းဆီးခံရ၍ ၎င်းအား ပုဒ်မ ၅၀၅-က နှင့် ၁၉(စ)၊  စောဂျပ်စန်ပါဝါ အား ပုဒ်မ ၅၀၅-က တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား စရဖဟု လူသိများသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်(စရတ)က တပ်သို့ ခေါ်ဆောင်ပြီး စစ်ကြောရေး ပြုလုပ်ပြီးနောက် အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းခံရတဲ့ ကောင်လေးတွေရဲ့ ဖုန်းတွေကို သိမ်းပြီး Facebook Messenger က အပြန်အလှန်ပြောထားတာတွေ ရှာကြည့်ပြီးတော့ အဲ့ကနေ ဖမ်းတာလို့လည်း သိရတယ်။ မြို့ထဲတော့ စရဖ တွေ အရပ်ဝတ်နဲ့ အိမ်စီးကားတွေနဲ့ ပတ်သွားနေကြတယ်။

ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့မှ မေလ(၁၄)ရက်နေ့အထိ ဖမ်းဆီးခံရသူ (၁၉)ဦးအထိ ရှိနေပြီး ၎င်းတို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပုဒ်မ ၅၀၅-က နှင့် လက်နက်အက်ဥပဒေ ပုဒ်မ ၁၉ (စ)တို့ဖြင့် အမှုဖွင့်ခံရသူများ ပါဝင်ပြီး ၎င်းတို့အား ထောင်တွင်းရုံးထုတ်က စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။