လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်သပိတ်တွင် ဖမ်းဆီးခံထားရသူများမှ အမျိုးသမီး (၅)ဦးပြန်လွတ်

လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်သပိတ်တွင် ဖမ်းဆီးခံထားရသူများမှ အမျိုးသမီး (၅)ဦးပြန်လွတ်
မေ 13, 2021 | ကယား

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်သပိတ်ကို ၂၀၂၁ ခုနှစ် မေလ (၁၂) ရက်နေ့တွင် အာဏာသိမ်းအဖွဲ့က ပစ်ခတ်ဖြိုခွင်းရာမှ ဖမ်းဆီးခံထားရသူ (၁၄) ဦးအနက် အမျိုးသမီး (၅) ဦးကို မေလ (၁၃) ရက်နေ့ ညနေပိုင်း၌ ပြန်လွှတ်ပေးလိုက်သည်။

ဖမ်းဆီးခံရသည့် နာနတ်တောရပ်ကွက်မှ ပြည်သူ (၁၄) ဦးအား ပြန်လွတ်ပေးရန်အတွက် ရပ်ကွက် ရပ်မိရပ်ဖများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့တို့က အာဏာသိမ်း စစ်ကောင်စီနှင့် မေလ (၁၃) ရက်နေ့အထိ ဆွေးနွေးညှိနှိုင်းပေးခဲ့ပြီးနောက် ညနေပိုင်းတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ် (၃)ဦးနှင့် အသက်ကြီးပိုင်း အမျိုးသမီး (၂) ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်တစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

ဒီညနေမှာ ပြန်လွတ်ပေးလိုက်တာ။ အားလုံး(၅)ယောက်ပေါ့။ ရိုက်နှက်ထားတာတော့မရှိဘူး ။ ကျန်တဲ့သူတွေကိုတော့ ဘယ်လိုဆက်လုပ်ပေးမလဲဆိုတာ မသိ​သေးဘူး

ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက အတည်ပြုပြောသည်။

စစ်ကောင်စီမှ ဆက်လက်ထိန်းသိမ်းထားသည့် ကျန်ရှိသော အမျိုးသမီး (၇)ဦးနှင့် အမျိုးသား (၂)ဦးတို့အား လက်ရှိတွင် စစ်ဆေးမေးမြန်းမှုများ လုပ်​ဆောင်နေပြီး ရပ်ကွက် ရပ်မိရပ်ဖများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ မှ ကူညီ ညှိနှိုင်းပေး ထားချက်အရ ရပ်ကွက်တွင်းရှိ ပြည်သူ့လုံခြုံရေး အတားအဆီးများကို ဖယ်ရှား၍ သပိတ်ရပ်နားပေးပါက ကျန်လူများအား တစ်ဦးချင်း ဖြေလျော့ပေးမည်ဟု အာဏာသိမ်း စစ်ကောင်စီဖက်မှ ပြောကြားထားကြောင်း ရပ်ကွက်တာဝန်ရှိသူ တစ်ဦး ထံမှ သိရသည်။

မေလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခံထားရသူ (၁၄)ဦးထဲမှ အမျိုးသမီး (၅)ဦး ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်ရှိနေသည့် ဖမ်းဆီးခံထားရဆဲ (၉)ဦး အား စစ်ကောင်စီ ဖက်မှ မည်သည့် ပုဒ်မတပ်၍ အမှုဖွင့် မည်ကိုရှင်းလင်းစွာ မသိရသေးဘဲ မိသားစုဝင်အချို့ကိုလည်း တွေ့ခွင့်မပြုသေးကြောင်းသိရသည်။

လွိုင်ကော်မြို့ ၊ နာနတ်တော ရပ်ကွက်သပိတ်အား မေလ ၁၂ ရက်နေ့ ညနေပိုင်းတွင် လုပ်ဆောင်နေစဥ် အာဏာသိမ်း အဖွဲ့၏ အကြမ်းဖက် လက်နက်ကိုင်များမှ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးသူများအား ရပ်ကွက်လူထုမှ ပြန်လွှတ်ပေးရန် လိုက်လံ တောင်းဆိုခဲ့ရာတွင်လည်း သေနတ်ဖြင့် အချက်များစွာ ပစ်ခဲ့ရာ၌ ကျည်အစစ်ဖြင့်ပါ ပစ်ခက်မှုများရှိခဲ့ကြောင်း သိရသည်။