တာချီလိတ်ခရိုင်/မြို့နယ် တရားရုံး ဗုံးပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ညထွက်လာသူ အနည်းဆုံး (၁၀)ဦးဝန်းကျင် အထိ ဖမ်းခံရ

တာချီလိတ်ခရိုင်/မြို့နယ် တရားရုံး ဗုံးပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ညထွက်လာသူ အနည်းဆုံး (၁၀)ဦးဝန်းကျင် အထိ ဖမ်းခံရ

 

တာချီလိတ်ခရိုင်/မြို့နယ် တရားရုံးတွင် ယနေ့ ၂၀၂၁ခုနှစ် မေလ(၂)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ တာချီလိတ်မြို့ပေါ် ရပ်ကွက်အတွင်းလမ်းများ နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်တွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ကာ ညထွက်လာသူမှန်သမျှကို ဖမ်းဆီးနေရာတွင် အနည်းဆုံး (၁၀)ဦးအထက် ဖမ်းခံထားရကြောင်း သိရသည်။

"ကားပေါ် (၁၀)ယောက်ကျော်လောက်ရှိတယ်။ လူငယ်တွေပဲ မိန်းကလေးတွေရော၊ ယောကျာ်းလေးတွေ‌ရောပဲ၊ လမ်းပေါ်ထွက်လာလို့ ဖမ်းတာ။ ဂေါက်ကွင်းဘက် နဲ့ ကျောင်းရှေ့ဘက်မှာ ဖမ်းမိတာတွေလည်းပါတယ်။ တချို့လည်း အသိတွေဆို ပြန်လွှတ်တာရှိသလို၊ တချို့လည်း ဖမ်းထားလိုက်တာတွေရှိတယ်"ဟု မြင်တွေ့ရသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် တာချီလိတ်ခရိုင်ရဲတပ်မှူးရုံးရှေ့ကိုလည်း အတားအဆီးများ ချက်ချင်း ကာရံထားလိုက်သည့်အတွက်  ဆိုင်ကယ်အရှိန်ဖြင့် မောင်းလာပြီး မမြင်၍ ဝင်တိုက်မိကာ ဒဏ်ရာရသွားသူလည်းရှိကြောင်း သိရသည်။

ယခု ည(၁၁)နာရီအချိန်အထိ မြို့တွင်းနေရာအနှံ့တွင်း ရဲကားများ အိမ်စီကားများဖြင့် လှည့်ကင်းလှည့်နေလျက်ရှိသည်။