ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ လူနာတစ်ဦးနှင့် လူနာစောင့်တစ်ဦးတို့တွင် Covid-19 ပိုးတွေ့

ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ လူနာတစ်ဦးနှင့် လူနာစောင့်တစ်ဦးတို့တွင် Covid-19 ပိုးတွေ့
ဇန်နဝါရီ 8, 2021 | Covid-19| ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးတွင် Hospital Quarantine ထားရှိ၍ ဆေးကုသမှု ခံယူနေသည့် လူနာ (၁) ဦးနှင့် လူနာစောင့် (၁) ဦးတို့တွင် COVID 19 ကူးစက်ခံထားရကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့က စစ်ဆေးတွေ့ရှိသည်။

ပိုးတွေ့ရှိသူ အသက်(၆၁)နှစ်အရွယ် လူနာအမျိုးသားမှာ  ကျောက်ဆည်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းကိစ္စဖြင့် ဇနီးဖြစ်သူနှင့်အတူ ဇန်နဝါရီလ (၁) ရက်နေ့တွင် လွိုင်ကော်မြို့သို့ ရောက်ရှိလာပြီး ပညာရေးကောလိပ်၌ Quarantine ဝင်ရောက်နေစဉ် ဆီးချိုရောဂါ ပြင်းထန်လာသောကြောင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကာ Hospital Quarantine ပြုလုပ်၍ ကုသမှုခံယူနေသူဖြစ်သည်။

အဆိုပါ ပိုးတွေ့ရှိသူ အသက်(၆၁)နှစ်အရွယ် အမျိုးသား၏ ဇနီးမှာလည်း ၎င်းအားဆေးရုံတွင် လူနာစောင့်အဖြစ် Hospital Quarantine နေထိုင်၍ စောင့်ရှောက်နေစဉ် ဇန်နဝါရီလ (၂) ရက်နေ့က COVID-19 ပိုးတွေ့ရှိခဲ့ခြင်းကြောင့် သီးခြားကုသမှုခံယူနေရသူဖြစ်သည်။

ယနေ့ထပ်တိုးသည့် COVID-19 ပိုးတွေ့ရှိခဲ့သူ အသက်(၃၃)နှစ်အရွယ်လူနာစောင့်အမျိုးသမီးမှာ လွိုင်ကော်မြို့တွင် နေထိုင်သူဖြစ်ပြီး မန္တလေးမြို့ မြို့တော်ဆေးရုံတွင် ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ခဲ့ရသည့်  ၎င်း၏သမီးဖြစ်သူအား လူနာစောင့်အဖြစ်အဖော်တစ်ဦးနှင့်အတူ လိုက်ပါခဲ့၍ ဇန်နဝါရီလ (၇) ရက်နေ့တွင် ပြန်လာကာ  လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Hospital Quarantine တိုက်ရိုက်ဝင်ရောက်ခဲ့ပြီး လူနာနှင့် လူနာစောင့်များအား RDT Test ဖြင့် စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပိုးတွေ့ရှိသူ အတည်ပြုလူနာများဖြစ်သည့် အသက် (၃၃)နှစ်အရွယ် အမျိုးသမီးမှာ ကျန်းမာရေးကောင်းမွန်၍ အသက် (၆၁)နှစ်အရွယ် အမျိုးသားမှာ သွေးအတွင်း အောက်စီဂျင်ကျဆင်းမှုရှိနေသောကြောင့် သီးခြား အထူး ကြပ်မတ်ကုသဆောင်တွင်  စောင့်ကြည့်သမှုပေးနေရပြီး နှစ်ဦးလုံးအား လွိုင်ကော်ပြည်သု့ဆေးရုံကြီးတွင် ကုသမှုပေးလျှက်ရှိကြောင်း သိရသည်။ 

ကယားပြည်နယ်တွင် ဇန်နဝါရီလ (၈) ရက်နေ့ နေ့လယ်ပိုင်းအထိ  Covid-19 အတည်ပြုလူနာ( ၉၄) ဦးထိရှိလာပြီဖြစ်ပြီး ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရရှိသူ(၇၀)ဦး ၊ ဆေးကုသမှုခံယူနေသူ ( ၂၃)ဦးနှင့် သေဆုံးသူ (၁)ဦးရှိကြောင်းသိရသည်။

Tachileik News Agency

သတင်း - ဆန်းဖြိုးထွန်း

 

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။