ကရင် - ထိုင်းနယ်စပ် သံလွင်မြစ်တွင်း ထိုင်းကင်းလှည့်ရေယာဉ်ကို မြန်မာစစ်တပ်က ပစ်ခတ်

ကရင် - ထိုင်းနယ်စပ် သံလွင်မြစ်တွင်း ထိုင်းကင်းလှည့်ရေယာဉ်ကို မြန်မာစစ်တပ်က ပစ်ခတ်
ဧပြီ 23, 2021 | နိုင်ငံရေး

မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်နှင့် ထိုင်းနယ်စပ် သံလွင်မြစ်ကြောင်းအတွင်း ကင်းလှည့်နေသည့် ထိုင်းရေယာဉ်ကို မြန်မာစစ်တပ်က ပစ်ခတ်လိုက်ကြောင်း သိရသည်။

မယ်ဟောင်ဆောင်ခရိုင်အတွင်း သံလွင်မြစ်ကြောင်းတွင် ၂၀၂၁ ခုနှစ် ဧပြီလ (၂၂) ရက်နေ့က ထိုင်းကင်းလှည့်ရေယာဉ်ကို တစ်ဖက်ကမ်းရှိ မြန်မာစစ်တပ်က ပစ်ခတ်လိုက်ရာ မြန်မာစစ်စခန်းနှင့် မျက်နှာချင်းဆိုင် တစ်ဖက်ကမ်းတွင် ကင်းလှည့်ယာဉ် ရပ်တန့်သွားပြီးနောက် မြန်မာစစ်တပ်ဘက်က နာရီဝက်နီးပါး မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုင်းကင်းလှည့် ရေယာဉ်မှ ရဲတပ်ဖွဲ့ဝင်များသည် ဝတ်စုံပြည့်၊ လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်နေခြင်းဖြစ်နေသော်လည်း မြန်မာစစ်တပ်၏ ပစ်ခတ်မှုကို ပြန်လည်တုန့်ပြန်ပစ်ခတ်မှု မပြုလုပ်ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း မတ်လကုန်ပိုင်းမှစ၍ မြန်မာစစ်တပ်က လေကြောင်းဖြင့်ပါ တိုက်ခိုက်မှုပြုလုပ်နေရာမှ တစ်ဖက်နိုင်ငံ၏ နယ်စပ်ကင်းလှည့်ရေယာဉ်ကိုပါ စစ်တပ်က ပစ်ခတ်မှုဖြစ်ပွားလာခြင်းဖြစ်သည်။



source: salween press