တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံက ပြန်ပို့လာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများထဲက (၅)ဦးတွင် Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံက ပြန်ပို့လာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများထဲက (၅)ဦးတွင် Covid-19 ပိုးတွေ့
ဧပြီ 20, 2021 | Covid-19| ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်က ပြန်လည်လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်‌စေ့ မြန်မာနိုင်ငံသား (၄၁)ဦးထဲက (၅)ဦးတွင် Covid-19 ပိုးတွေ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က ယနေ့ ၂၀၂၁ခုနှစ် ဧပြီလ(၂၀)ရက်နေ့ နံနက်ပိုင်းက လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားအားလုံးကို RDT Test Kit ဖြင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှာပင် လက်ခံစစ်ဆေးရာ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၂)ဦးတို့ တွင် Covid-19 ပိုးတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ပိုးတွေ့သူ(၅)ဦးမှာ အချုပ်ထောင်ထဲတွင်အားလုံးအတူနေလာကြသူဖြစ်သလို ယနေ့ ပို့ဆောင်ပေးရာတွင်  ကားတစ်စီးတည်း အတူစီးလာကြသူများဖြစ်သော်လည်း  (၅)ဦးတွင်သာ ပိုးတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ပိုးတွေ့သူနှင့်အတူ လိုက်ပါလာသူအားလုံးကိုလည်း Quarantine ထားရှိပြီး ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Covid-19 ပိုး စစ်ဆေးတွေ့ရှိရသည့် နေရာနှင့် အမိုးအကာတဲ အနီးဝန်းကျင်များတွင် တာချီလိတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က ပိုးသတ်ဆေးများ ဖျန်းခဲ့ကြကြောင်း သိရသည်။

ယနေ့ Covid-19 ပိုးတွေ့ရသည့် အမျိုးသား(၃)ဦးမှာ ဟိုမိန်း၊ သီပေါ နှင့် ပုံပါကျင်မြို့တို့က ဖြစ်ပြီး ကျန်အမျိုးသမီး (၂)ဦးမှာ မိုင်းနောင် နှင့် ပင်လုံမြို့တို့က ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၄၁)ဦးတွင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၂၅)ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၁၁)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၄)ဦး နှင့် ကယားပြည်နယ်မှ(၁)ဦးတို့ ပါဝင်သည်။

ထိုင်းနိုင်ငံအတွင်း၌ Covid-19 တတိယလှိုင်းဖြစ်ပွားနေပြီး ကူးစက်မှုမှာလည်း မြန်ဆန်နေကြောင်း သိရသည်။