တန့်ယန်းမြို့တွင် သင်္ကြန်ပွဲ အမည်ခံကာ လောင်းကစားဝိုင်းများ ပြုလုပ်နေ

တန့်ယန်းမြို့တွင် သင်္ကြန်ပွဲ အမည်ခံကာ လောင်းကစားဝိုင်းများ ပြုလုပ်နေ
ဧပြီ 13, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင်  သင်္ကြန်ပွဲတော်အမည်ခံကာ လောင်းကစားပွဲများကို ၂၀၂၁ခုနှစ် ဧပြီလ (၁၂)ရက်ကတည်းက စည်ကားစွာ ပြုလုပ်ကျင်းပနေသည်ကို တွေ့ရသည်။

အခြားမြို့များတွင် အာဏာရှင်ဆန့်ကျင်ရေး သင်္ကြန်အကြိုသပိတ်များကို နည်းမျိုးစုံဖြင့် ပြုလုပ်ကာ တော်လှန်နေကြသော်လည်း တန့်ယန်းမြို့တွင် လောင်းကစားပွဲများကို တန့်ယန်းမြို့၊ ရပ်ကွက်(၆)ဖူဆယ်ကွင်းအနီး ကလယ်ကွင်းပြင်‌နေရာတွင် လည်းကောင်း၊ တန့်ယန်းမြို့နှင့်( ၁၈)မိုင်ခန့်ကွာဝေးသည့် မန်ကတ်ကျေးရွာအုပ်စု၊ ပိန်းမုံချောင်းနေရာတွင်လည်းကောင်း လေးကောင်ဂျင်၊‌ ခြောက်ကောင်(ကလုံးလုံး)ခုံများ၊ ဖဲဝိုင်းအစရှိသည့် လောင်းကစားခုံပေါင်းများစွာ ထည့်သွင်း၍ သင်္ကြန်ကာလပြီးသည်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"မြို့တွင်းမှာ မဏ္ဍပ်တွေဆောက်ပြီး မကျင်းပဘူး။ မိုင်းဟပြည်သူ့စစ်နယ်မြေထဲက ပိန်းမုံ‌ ချောင်းမှာတော့ ဒေသတွင်းကကီးဘုတ်ရှိုးငှားပြီးလုပ်ကြတယ်လို့ သိရတယ်။ ဧပြီ(၅)ရက်က ‌ဗီနိုင်းနဲ့ကြော်ငြာထားတဲ့ရင်ပြင်ရှိုးပွဲက မလုပ်ဖြစ်ကြတော့ပေမယ့် လောင်းကစားပွဲတွေတော့ စည်စည်ကားကား ပေါ်ပေါ်ထင်ထင်လုပ်နေကြတာပဲ။ တိုင်းပြည်ကနာရေးဖြစ်နေတဲ့အချိန် တန့်ယန်းမြို့မှာ အခုလိုဟေးလားဝါးလားနဲ့ပျော်ပါးနေကြတာမြင်ရတော့ တခြားမြို့က ‌တော်လှန်ရေးသမားတွေကို တော်တော်အားနာမိတယ်ဗျာ"‌ဟုဒေသခံတစ်ဦးက ဆိုသည်။

လောင်းကစားပွဲများကို ပွဲဆွဲသူဒိုင်ချုပ်များက သက်ဆိုင်ရာအဖွဲ့များအား အခွန်အခများ သိန်းပေါင်းဆယ်ချီပေးဆောင်ကာ  ပွဲဆွဲလေ့ရှိပြီး ဒိုင်ငယ်များထံ အခွန်အခများ ထပ်ဆင့်ကောက်ခံသောနည်းဖြင့်ပြုလုပ်ကျင်းပလေ့ရှိ‌ကြောင်းသိရသည်။