ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများတွင် PSI စလောင်းများ ဖြုတ်သိမ်းထားရန် ညွှန်ကြား 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများတွင် PSI စလောင်းများ ဖြုတ်သိမ်းထားရန် ညွှန်ကြား 
ဧပြီ 9, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း PSI စလောင်းအသုံးပြုသူများကို သက်ဆိုင်ရာ မြို့နယ်မှတဆင့် ရပ်/ကျေးများကနေပြီး ပိုင်ရှင်ဖြစ်သူများအား မိမိတို့ အစီအစဉ်ဖြင့် ဖြုတ်သိမ်းထားကြရန်  အသိပေးရေး ၂၀၂၁ခုနှစ် ဧပြီလ(၈)ရက်နေ့  ညနေပိုင်းက  ညွှန်ကြားထားကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များဖြစ်သည့် တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းပျဉ်း၊ မိုင်းယန်း နှင့် မိုင်းခတ် စသည့်မြို့နယ်များရှိ မြို့များ နှင့် ကျေးရွာများအထိ အဆင့်ဆင့် ညွှန်ကြားထားကြောင်း သိရသည်။

PSI ထိုင်းဂြိုလ်တုစလောင်းကို အသုံးပြုပြီး Mizzima နှင့် DVB ရုပ်သံလိုင်းများမှ တဆင့် ပြည်သူများအပေါ် အာဏာသိမ်းအကြမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များမှ ပြည်သူများအပေါ် ပစ်ခတ်ဖြိုခွင်းသည့် သတင်းများအား မကြည့်ရှုနိုင်ရန်အတွက် တားမြစ်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

လက်ရှိတွင် PSI ကုမ္ပဏီက ပြည်သူများ ငွေကြေးကုန်ကျခံပြီး ဝယ်ယူးထားသည့် စလောင်းများကို သိမ်းဆည်းမှုများ လုပ်ဆောင်ရန်အတွက် PSI စလောင်းဖြင့် ကြည့်ရှု့လို့ရသည့် Mizzima နှင့် DVB ရုပ်သံလိုင်းများ ဧပြီလ(၈)ရက်နေ့ ညနေပိုင်းက ပိတ်ထားပေးကြောင်း သိရသည်။

PSI စလောင်းများ သိမ်းဆည်းခြင်းအဖြစ် ဧပြီလ(၈)ရက်နေ့က ဧရာတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်အပါအဝင် အခြား တိုင်းနှင့်ပြည်နယ်များ၏ အချို့မြို့နယ်များတွင် ရဲတပ်ဖွဲ့က စလောင်းရောင်းချသည့် ဆိုင်များကို လိုက်လံစစ်ဆေးကာ သိမ်းဆည်းမှုများ လုပ်ဆောင်သည်။

ယနေ့ ဧပြီလ(၉)ရက်နေ့က စ၍လည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း၌ PSI စလောင်းများကို ဖြုတ်သိမ်းထားကြရန် ညွှန်ကြားထားခြင်း ဖြစ်ပြီး တာချီလိတ်မြို့နယ်လည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကနေ တဆင့် အသိပေးသွားရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။