တာချီလိတ်မြို့တွင် ရဲက ဖမ်းပေးပြီး စစ်တပ်က ခေါ်ယူကာ ရက်ရှည်ကြာ စစ်ဆေးခံနေရသည့် လူငယ်(၁၀)ဦးအထက် အတွက် မိဘများက စိုးရိမ်နေ

တာချီလိတ်မြို့တွင် ရဲက ဖမ်းပေးပြီး စစ်တပ်က ခေါ်ယူကာ ရက်ရှည်ကြာ စစ်ဆေးခံနေရသည့် လူငယ်(၁၀)ဦးအထက် အတွက် မိဘများက စိုးရိမ်နေ
ဧပြီ 1, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် မတ်လ(၂၉)ရက်နေ့က စ၍   ဧပြီလ(၁)ရက်နေ့အထိ ဖမ်းဆီးခံထားရသည့် လူငယ်များမှာ အနည်းဆုံး (၁၀)ဦးအထက် ရှိနေပြီး စစ်တပ်တွင် ထားရှိကာ ရက်ရှည်ကြာ စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

မတ်လ(၂၉)ရက်နေ့ကစ၍ တာချီလိတ်ရဲတပ်ဖွဲ့က ဖမ်းဆီးပေးထားသည့် လူငယ်(၁၂)ဦးကို စစ်တပ်က ခေါ်ယူကာ ဆက်စပ်သူများကို ဖမ်းဆီးရန် စစ်ဆေးမှုများ ပြုလုပ်နေသည်မှာ ယနေ့ ဧပြီလ(၁)ရက်နေ့၏ ညဆိုလျှင် စုစုပေါင်း (၄)ညရှိနေပြီဖြစ်ပြီး စစ်ဆေးမှုများအရ နောက်ထပ်ဖော်ထုတ်ရမိသည့် ဆက်စပ်သူ ဆိုသူများကိုလည်း စစ်တပ်က သွားရောက်ဖမ်းဆီးမှုများ ရှိနေရာ ဖမ်းဆီးရမိကြောင်းလည်း သိရသည်။

မတ်လ(၂၉)ရက်နေ့က စပြီးဖမ်းဆီးခံထားရသည့် လူငယ်များကို ဧပြီလ(၁)ရက်နေ့အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးသလို အမှုဖွင့်ရန် ပြင်ဆင်နေဆဲဟုလည်း ကြားသိရသည်။

ဖမ်းဆီးခံရသည့် လူငယ်များ နှင့်  ၎င်းတို့၏ မိဘများကို တွေ့ခွင့်မပေးခြင်းကြောင့်လည်း မိဘများက ပို၍စိုးရိမ်နေကြခြင်း ဖြစ်သည်။

နိုင်ငံ့အာဏာအား စစ်တပ်က သိမ်းလိုက်သည့် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဧပြီလ(၁)ရက်နေ့အထိ တာချီလိတ်မြို့တွင် ဖမ်းဆီးပြီး အမှုဖွင့်ကာ ကျိုင်းတုံထောင်သို့ ပို့ဆောင်ထားသူမှာ အနည်းဆုံး(၂၅)ဦးအထက်ရှိနေပြီး အမှုမဖွင့်ရသေးဘဲ ဖမ်းဆီးစစ်ဆေးခံနေရသည့် လူငယ်များမှာ (၁၅)ဦးဝန်းကျင်အထိ ရှိနေကြောင်း နှင့် ဖမ်းဆီးရန် အမှုဖွင့်ဝရမ်းထုတ်ထားသူမှာလည်း (၃၀)ဦးအထက် ရှိနေကြောင်း သိရသည်။