သတင်းသမားများကို မတရားဖမ်းဆီးတရားစွဲဆိုမှုများအား ရှုတ်ချကြောင်း လွတ်လပ်သောရှမ်းပြည်နယ်သတင်းမီဒီယာများ၏သဘောထားထုတ်ပြန်ချက်

သတင်းသမားများကို မတရားဖမ်းဆီးတရားစွဲဆိုမှုများအား ရှုတ်ချကြောင်း လွတ်လပ်သောရှမ်းပြည်နယ်သတင်းမီဒီယာများ၏သဘောထားထုတ်ပြန်ချက်
မတ် 27, 2021 | ရှမ်းတောင်

သတင်းသမားများကို မတရားဖမ်းဆီးတရားစွဲဆိုမှုများအား ရှုတ်ချကြောင်း လွတ်လပ်သောရှမ်းပြည်နယ်သတင်းမီဒီယာများ၏သဘောထားထုတ်ပြန်ချက်

(၃/၂၀၂၁)

နေ့စွဲ။    ။ ၂၀၂၁ခုနှစ်၊ မတ် ၂၇ ရက်

၁။ သတင်းမီဒီယာများသည် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများနှင့် အဆိုပါ ဆန္ဒပြမှုများအပေါ် စစ်တပ်များ အကြမ်းဖက်ဖြိုခွင်းသည့်ကိစ္စများကို သတင်းမီဒီယာ၏ တာဝန်၊ ဝတ္တရားအတိုင်း သတင်းကျင့်ဝတ်များကို လိုက်နာလျက် သတင်းရယူတင်ဆက်နေပါသည်။

၂။ သတင်းမီဒီယာသည် ပြည်သူတို့၏ နား၊ မျက်စိဖြစ်သည်နှင့်အညီ သတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးရန် ကြိုးစားနေပြီး တာဝန်ရှိသူများ ပြည်သူ့အသံကို ကြားသိစေရန် ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။

၃။ ထိုသို့ကြိုးပမ်းဆောင်ရွက်နေသည့် သတင်းသမားများကို စစ်တပ်နှင့်ရဲများမှ ပစ်မှတ်ထား ဖမ်းဆီးနေပြီး ကမ္ဘောဇတိုင်းသတင်းဌာန၏ တာဝန်ခံ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်နှင့် စိုင်းစည်သူ (နေအိမ်အစောင့်) တို့ကို စစ်ကောင်စီ၏ လက်နက်ကိုင် အဖွဲ့များက မတ်လ ၂၄ ရက်၊ ညပိုင်းတွင် ဟိုပုံးမြို့၌ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

၄။ ထို့အပြင် ပွင့်လင်းမြင်သာမှုနှင့် ပြည်သူ့အသံကို ပိတ်စေရန် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ်အတွင်းမှ သတင်းသမားများကို အကြောင်းအမျိုးမျိုးရှာကာ စစ်တပ်နှင့် အာဏာပိုင်များက တရားစွဲနေကြောင်းလည်း သိရပါသည်။ 

၅။ သတင်းမီဒီယာ၏ တာဝန်နှင့် ဝတ္တရားများကိုထမ်းဆောင်နေသူများကို စစ်တပ်နှင့် ရဲမှ ဖမ်းဆီး တရားစွဲဆိုနေသည့်အပေါ် ရှမ်းပြည်နယ်အခြေစိုက် သတင်းမီဒီယာဌာနများမှ ပြင်းထန်စွာ ရှုတ်ချပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုပါသည်။

၆။ သတင်းသမားများကို ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းသည် နိုင်ငံသားတို့၏ သတင်းသိရှိပိုင်ခွင့်ကို ချိုးဖောက်ခြင်း၊ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ခြင်းနှင့် ဒီမိုကရေစီကိုရိုက်ချိုးခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်များကို အမြန်ဆုံး ရပ်တန့်ရန် သတိပေးအပ်ကြောင်း သဘောထားထုတ်ပြန် အပ်ပါသည်။