ရှမ်း(ရှေ့)မှ CDM လုပ်ဆောင်သည့် မြေစာရင်းဝန်ထမ်း (၂၃)ဦးအနက် အချို့မှာ ဌာနတွင်း ဆွဲချက်တင်ခံထားရပြီး တာချီလိတ်မြို့နယ်မှ ဝန်ထမ်းမှာ လစာ ယာယီရပ်ဆိုင်းခံရ

ရှမ်း(ရှေ့)မှ CDM လုပ်ဆောင်သည့် မြေစာရင်းဝန်ထမ်း (၂၃)ဦးအနက် အချို့မှာ ဌာနတွင်း ဆွဲချက်တင်ခံထားရပြီး တာချီလိတ်မြို့နယ်မှ ဝန်ထမ်းမှာ လစာ ယာယီရပ်ဆိုင်းခံရ
မတ် 10, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့မှ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန(မြေစာရင်း)တွင် CDM ပြုလုပ်နေသည့် မြေစာရင်းဝန်ထမ်း (၂၃) ဦးထဲက တစ်ဦးမှာ လစာထုတ်ပေးခြင်း ယာယီရပ်ဆိုင်းခံရပြီး အချို့မှာ ဌာနက ဆွဲချက်တင်ထားကြောင်း သိရသည်။

"ကျွန်တော်အပါအဝင် ပါဝင်သူတွေကို ဌာနတွင်းအရေးယူဖို့ စာတွေထွက်ပြီး စွဲချက်တွေ ပေးပို့နေပါတယ်။ ဆက်လက်ပြီး  ဖိအားပေးတာ အရေးယူမှုပြုလုပ်နေတာကို Social Punishment လုပ်သွားမယ်။ ကျွန်တော်နဲ့အတူ ကျန်ဌာနက ပါဝင်သူ ပြည်သူ့ဝန်ထမ်းတွေကို အားမလျော့ဖို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ အခု CDM လုပ်တာက မိမိဌာနကို မနှစ်သက်လို့မဟုတ်ပါဘူး။ စစ်အာဏာရှင်လက်အောက်မှာ တာဝန်ဝတ္တရားတွေ မဆောင်ရွက်လိုတာပါ။"ဟု ‌CDM လုပ်ဆောင်နေသည့် မြေစာရင်းဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းသို့လုပ်ဆောင်ခြင်းမှာ ဌာနအား ပုန်ကန်ခြင်း၊ အထက်အရာရှိများကို မလေးမစားပြုလုပ်ခြင်းမဟုတ်ဘဲ စစ်အာဏာရှင်လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်လို၍ CDM ပြုလုပ်ကြခြင်းဖြစ်သည်ဟု ဝန်ထမ်းများက ဆိုသည်။

မြေစာရင်းဌာနတွင် တာချီလိတ်ခရိုင်မှ (၃)ဦး၊ ကျိုင်းတုံခရိုင်မှ (၁၃) ဦးနှင့် မိုင်းဆတ်ခရိုင်မှ (၇) ဦး စုစုပေါင်း (၂၃)ဦးတို့က ဖေဖေါ်ဝါရီလ (၈) ရက်နေ့မှစ၍ CDM တွင် ပါဝင်လာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းထဲက CDM လုပ်ဆောင်နေသည့် မြေစာရင်းဝန်ထမ်း (၂၃)ဦးတွင် (၂၂)ဦးထဲက အချို့မှာ  စွဲချက်တင်ခံထားရသော်လည်း ကျန်တစ်ဦးဖြစ်သည့် တာချီလိတ်မြို့နယ်မြေစာရင်းမှ တစ်ဦးမှာ စွဲချက်တင်ခံရသည့်အပြင် လစာထုတ်ပေးခြင်းကိုပါ ယာယီရပ်ဆိုင်းခံရကြောင်း သိရသည်။



 

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူတင်မြှောက်ထားသည့် အစိုးရအား ဖမ်းဆီးကာ နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက CDM ပြုလုပ်နေကြသည်ကို ဖိအားပေး၍ ဌာနတွင်းအရေးယူမှုများ လုပ်ဆောင်ရန်ကြိုးစားနေကြခြင်းဖြစ်သည်။



Tachileik News Agency