မန္တလေးတွင် စစ်အာဏာသိမ်းမှုလက်မခံသည့်ပြည်သူများအား ဖြိုခွင်းမှုအတွင်း (၈) ဦးအဖမ်းခံရပြီး  (၁) ဦးသေနတ်ဒဏ်ရာဖြင့် သေဆုံး

မန္တလေးတွင် စစ်အာဏာသိမ်းမှုလက်မခံသည့်ပြည်သူများဆန္ဒထုတ်ဖေါ်
မန္တလေးတွင် စစ်အာဏာသိမ်းမှုလက်မခံသည့်ပြည်သူများဆန္ဒထုတ်ဖေါ်
မန္တလေးတွင် စစ်အာဏာသိမ်းမှုလက်မခံသည့်ပြည်သူများအား ဖြိုခွင်းမှုအတွင်း (၈) ဦးအဖမ်းခံရပြီး  (၁) ဦးသေနတ်ဒဏ်ရာဖြင့် သေဆုံး
By Tachileik News Agency

စစ်အာဏာသိမ်းမှုကို လက်မခံသည့်ပြည်သူများ၏ သပိတ်စစ်ကြောင်းကို ဖြိုခွဲရန်ကြိုးပမ်းနေသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့က ပစ်ခတ်၍  မန္တလေးတွင် ၂၀၂၁ ခုနှစ် မတ်လ (၅) ရက်နေ့က အသက် (၂၀)အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး (၈)ဦးအဖမ်းခံသည်ဟု စုံစမ်းအတည်ပြု၍ရသည့်စာရင်းအရ သိရသည်။

မန္တလေးမြို့တွင်း စစ်ကားများဖြင့် လှည့်လည်နေရာမှ နံနက် (၁)နာရီမထိုးမီအချိန်တွင် ၃၅ လမ်းနှင့် ၃၆ လမ်းကြား စိန်ပန်းလမ်းမကြီးတွင်း ဝင်ရောက်ပြီး ရပ်ကွက်တွင်းမှ (၅) ဦးထက်မနည်းကို ဖမ်းဆီးသွားသည့်အပြင် နေအိမ်အချို့ကို ဝင်ရောက်ဖျက်ဆီးမှုပြုလုပ်သည်ဟု အဆိုပါရပ်ကွက်နေသူများထံမှ သိရသည်။

ယင်းနောက် နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်တွင် စုရပ်လုပ်ပြီး ၆၂လမ်းသို့ ချီတက်လာသည့် အင်ဂျင်နီယာသပိတ်စစ်ကြောင်းနှင့် ၈၅လမ်းနှင့်၃၅လမ်း မြတောင်ဘုန်းကြီးကျောင်းမှ သံဃာတော်များဦးဆောင်သည့် သပိတ်စစ်ကြောင်းတို့ကို ဖြိုခွင်းရန် စစ်တပ်နှင့်ရဲတို့က ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

သပိတ်များမှ လူစုခွဲသွားပြီး စစ်ကားများက လမ်းပေါ်တွင်ရှိနေသည့် ပြည်သူများကိုပစ်ခတ်ခဲ့ရာ ၁၁၁လမ်းနှင့် ၄၆လမ်း မြရည်နန္ဒာရပ်ကွက်၌ အသက် (၂၀) အရွယ် လူငယ် အမျိုးသားတစ်ဦး လည်ပင်းကျည်မှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရကာ မြတောင်ဘုန်းကြီးကျောင်း၏မြောက်ဘက် ၃၅လမ်း၊၈၅လမ်းနှင့် ၈၆လမ်းကြားတွင်လည်း လူငယ်(၁) ဦးကို ခြေထောက် သေနတ်မှန်ဒဏ်ရာဖြင့် ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်။

ယင်းအပြင် အဆိုပါနေရာ၌ နောက်ထပ်လူငယ်နှစ်ဦးပါ ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း စုံစမ်းသိရသည်။

စစ်အာဏာသိမ်းမှုကို လက်မခံ၍ ငြိမ်းချမ်းစွာဆန္ဒပြနေသည့်ပြည်သူများကို စစ်တပ်နှင့်ရဲအဖွဲ့က ပစ်ခတ်နှိမ်နှင်းခြင်း၊ ဖမ်းဆီးခြင်းများလုပ်နေသော်လည်း မန္တလေးမြို့တွင် ရပ်ကွက်အတွင်း သဲအိတ်များဖြင့် လမ်းများကို ပိတ်ဆို့ထားပြီး ဆန္ဒပြမှုများလည်း ဆက်လက်လုပ်ဆောင်နေကြသည်။

Tachileik News Agency