အာဖဂန်တွင် ရုပ်သံအစီအစဥ်တင်ဆက်သည့် အမျိုးသမီးများ မျက်နှာကိုဖုံးအုပ်ထားရမည်ဟု တာလီဘန်က အမိန့်ထုတ်

Photo: AP
Photo: AP
အာဖဂန်တွင် ရုပ်သံအစီအစဥ်တင်ဆက်သည့် အမျိုးသမီးများ မျက်နှာကိုဖုံးအုပ်ထားရမည်ဟု တာလီဘန်က အမိန့်ထုတ်
By Mr John

အာဖဂန်နစ္စတန်နိုင်ငံတွင် ရုပ်မြင်သံကြားအစီအစဥ်တင်ဆက်သည့် အမျိုးသမီးများနှင့် ရုပ်မြင်သံကြားတွင်ပါဝင်မည့် အမျိုးသမီးများ မျက်နှာကိုဖုံးအုပ်ထားရမည်ဟု တာလီဘန်တို့က အမိန့်ထုတ်လိုက်ကြောင်း သိရသည်။ 

မီဒီယာများကို ထိုအမိန့်ဒီကရီထုတ်ပြန်ကြောင်း မေလ (၁၈) ရက်နေ့တွင် ပြောထားကြောင်း တာလီဘန်တို့၏ ဘာသာရေးရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသားက BBC Pashto သတင်းဌာနကို အတည်ပြုခဲ့သည်။

အာဖဂန်တွင် အမျိုးသမီးများအားလုံး အများမြင်ကွင်း၌ မျက်နှာကိုဖုံးအုပ်ထားရမည်ဖြစ်ပြီး မလိုက်နာပါက အပြစ်ပေးခံရမည်ဖြစ်ကြောင်း အမိန့်ထုတ်ခဲ့ပြီးနောက် နှစ်ပတ်အကြာတွင် ယခုအမိန့်ကို ထပ်ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။ 

တာလီဘန်တို့ အာဏာရလာပြီးနောက် အာဖဂန်တွင် အမျိုးသမီးများအပေါ် ကန့်သတ်ချက်များ တင်းကျပ်လာခဲ့ပြီး အုပ်ထိန်းသူ အမျိုးသားတစ်ဦးမပါဘဲ ခရီးသွားခွင့်တားမြစ်ခြင်းနှင့် အလယ်တန်းကျောင်းများတွင် မိန်းကလေးများ ပညာသင်ခွင့်မပြုခြင်းတို့ လုပ်ဆောင်လာခဲ့သည်။

ကဘူးလ်မြို့ရှိ ပြည်တွင်းရုပ်မြင်သံကြားဌာနတစ်ခုအတွက် အလုပ်လုပ်ကိုင်နေသည့် အမည်မဖော်လိုသူ အာဖဂန်အမျိုးသမီး သတင်းထောက်တစ်ဦးက ယခုနောက်ဆုံးသတင်းကို ကြားသိရတာကြောင့် အံ့ဩတုန်လှုပ်ခဲ့ရကြောင်း ဖွင့်ဟခဲ့သည်။ 

"သူတို့က ကျွန်မတို့ကို တီဗီပေါ်မှာ တင်ဆက်နေတာရပ်အောင် သွယ်ဝိုက်ဖိအားပေးနေတာပဲ" ဟု ထိုအမျိုးသမီးက BBC ကို ပြောသည်။ 

"ကျမ ပါးစပ်ကိုဖုံးအုပ်ထားပြီး ဘယ်လိုသတင်းဖတ်နိုင်မလဲ။ အခု ဘာလုပ်ရမလဲ မသိပါဘူး။ ကျွန်မ အလုပ်လုပ်ရမယ်။ ကျွန်မက ကျွန်မရဲ့မိသားစုအတွက် ငွေရှာနေရသူပါ" ဟု ၎င်းက ဖွင့်ဟခဲ့သည်။

ယခုအမိန့်ဒီကရီမှာ မေလ (၂၁) ရက်နေ့တွင် စတင်သက်ရောက်မည်ဖြစ်ကြောင်း တာလီဘန်တို့၏ မကောင်းမှုတားဆီးရေးနှင့် အကျင့်သီလကောင်း မြှင့်တင်ရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသားကို ကိုးကားပြီး Reuters သတင်းဌာနက ပြောသည်။ 

အမိန့်ဒီကရီကို လိုက်နာခြင်းမရှိသူများ မည်သို့ဖြစ်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရဟုဆိုသည်။ 

TOLOnews သတင်းဌာနက ရရှိထားသည့် သတင်းအချက်အလက်အရ ယခုအမိန့်မှာ အာဖဂန်နစ္စတန်နိုင်ငံရှိ မီဒီယာဌာနများ အားလုံးအတွက်ဖြစ်ကြောင်း သိရသည်။

ယခုအမိန့်နှင့်ပတ်သက်၍ Twitter တွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပြီး အစွန်းရောက်မှုကို တိုးမြှင့်ရန် တာလီဘန်တို့၏ နောက်ထပ် ခြေလှမ်းတစ်လှမ်းဖြစ်ကြောင်း အများအပြားက ပြောဆိုကြသည်။ 

"ကမ္ဘာမှာက လူတွေကို COVID ကနေ ကာကွယ်ဖို့ mask တွေ အသုံးပြုကြတယ်။ တာလီဘန်တွေကတော့ အမျိုးသမီးဂျာနယ်လစ်တွေရဲ့ မျက်နှာတွေကို လူတွေမြင်အောင် mask တွေ သုံးကြတယ်။ တာလီဘန်တွေအတွက် အမျိုးသမီးတွေက ရောဂါတစ်ခုပဲ" ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက Twitter တွင် ရေးထားသည်။



Source: BBC