ပင်လုံ နှင့် လွိုင်လင်မြို့တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲ မဖြစ်မြောက်ရန် စစ်တပ် နှင့် ရဲတို့မှ လိုက်လံနှောက်ယှက်

ပင်လုံ နှင့် လွိုင်လင်မြို့တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲ မဖြစ်မြောက်ရန် စစ်တပ် နှင့် ရဲတို့မှ လိုက်လံနှောက်ယှက်
ဖေဖော်ဝါရီ 21, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံ နှင့် လွိုင်လင်မြို့မှ စစ်အာဏာရှင်ဆန့်ကျင်သူများမှာ စစ်တပ်နှင့်ရဲတပ်ဖွဲ့၏ လိုက်လံနှောက်ယှက်မှုကြောင့် ယနေ့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည့် အစီအစဉ် ပျက်ခဲ့ရကြောင်း သိရသည်။

"ဒီနေ့ ပင်လုံ လွိုင်လင်ကတော့ လမ်းပေါ်မထွက်နိုင်ကြဘူး။ လူစုတဲ့နေရာမှာကို စစ်ကားတွေနဲ့ အနောက်ကနေ တကောက်ကောက်လိုက်တယ်။"ဟု ပင်လုံမြို့နေ လူငယ်တစ်ဦးက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို လွိုင်လင် နှင့် ပင်လုံမြို့တို့မှ လူထုများက ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်ထားသော်လည်း စစ်တပ်မှ ကားများ အပါအဝင် ရဲတပ်ဖွဲ့တို့က ကားများ ဆိုင်ကယ်များဖြင့် အနောက်က လိုက်ပြီး နှောက်ယှက်မှုများရှိသည့်အတွက် အစီအစဉ်ပျက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၂၀)ရက်နေ့ကလည်း   ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည်ကို ရဲတပ်ဖွဲ့က ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအောင်လံအား သိမ်းသွားပြီး ရဲကားများဖြင့် ဝန်းရံထားသည့်အတွက် လူငယ်များက ဟိုခိုက်ကျေးရွာလမ်းတွင်  ပိတ်မိခဲ့ကြောင်း သိရသည်။

Tachileik News Agency