တာချီလိတ်မြို့တွင် အုတ်/သဲ/ကျောက် မြေသယ်ယာဉ်များကို ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေး

စက်မှုဇုန် - ဝမ်ပုံသွားလမ်းတွင် စစ်ဆေးနေစဉ်
စက်မှုဇုန် - ဝမ်ပုံသွားလမ်းတွင် စစ်ဆေးနေစဉ်
တာချီလိတ်မြို့တွင် အုတ်/သဲ/ကျောက် မြေသယ်ယာဉ်များကို ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေး
ဇန်နဝါရီ 27, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း အုတ်/သဲ/ကျောက်၊ မြေသယ်ယာဉ်များ ဖုံးအုပ်၍ စနစ်တကျသယ်ဆောင်သည့်အခြေအနေကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှစတင်ပြီး ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်နေသည်။



အုတ်/သဲ/ကျောက်၊ မြေသယ်ယာဉ်များကို ရှောင်တခင်စစ်ဆေးနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊  မြို့နယ်မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။



မြေဖို့တဲ့သူတွေ ဘယ်ကိုသွားဖို့တာလဲ။ လုပ်ပိုင်ခွင့်ရှိပြီးတော့ မြေဖို့လို့ရတဲ့သူဆီလောက်ပဲ ခွင့်ပြုတာပေါ့။ လက်ရှိတော့ ပညာပေးနေတာပေါ့။ ဖမ်းတော့ မဖမ်းသေးဘူး

ဟု တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



တာချီလိတ်မြို့တွင်း မောင်းနှင်နေသည့် အုတ်/သဲ/ကျောက်၊ မြေသယ်ယာဉ်အများစုသည် အဖုံးအအုပ်များ မပါဘဲ သယ်ဆောင်လေ့ရှိသဖြင့် လမ်းတလျှောက်  မြေကြီးနှင့် ကျောက်ခဲများပြုတ်ကျတတ်ခြင်းကြောင့် ယာဉ်အန္တရာယ်မဖြစ်စေရေးအတွက် ကြီးကြပ်ခြင်းအပြင် အခြားနည်းအသုံးပြုခွင့်မရှိသည့် လယ်ယာမြေများပေါ်တွင် မြေဖို့နေခြင်းကိုလည်း စစ်ဆေးနိုင်ရန်ဖြစ်ကြောင်း သိရသည်။



အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ (တာချီလိတ်) မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှစတင်ပြီး မြို့တွင်းလမ်းမများထက်တွင် ယာဉ်နှစ်ထပ်ရပ်နားခြင်း၊ အုတ်/သဲ/ကျောက်၊ မြေသယ်ယာဉ်များတွင် အဖုံး၊ အကာများတပ်ဆင်မောင်းနှင်မှုမရှိပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းများကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး အရေးယူမှုများ စတင်နေခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဓာတ်ပုံ - ကျော်ဇင်ဟိန်း

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။