မြင်း ပျောက်၍ လိုက်ရှာရာမှ မိုင်းနင်းမိ၍ မြင်းပိုင်ရှင် ထိခိုက်ဒဏ်ရာရ

မြင်း ပျောက်၍ လိုက်ရှာရာမှ မိုင်းနင်းမိ၍ မြင်းပိုင်ရှင် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်( မြောက်ပိုင်း )ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအနီးတွင် ဇန်ဝါရီလ(၂၆)ရက်နေ့ ညနေပိုင်းက မြင်း ပျောက်၍ လိုက်ရှာသည့် ဒေသခံ ရွာသားတစ်ဦး မိုင်းနင်းမိကာ ပေါက်ကွဲ၍ မိုင်းစထိမှန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

တော့ဆန်ကျေးရွာအုပ်စု၊ ညောင်မောင်း ကျေးရွာတွင်နေထိုင်သူ အသက်(၃၅)နှစ်ရှိ စိုင်းသိန်းအောင် ဆိုသူသည် နေအိမ်၌မွေးထားသော မြင်းတစ်ကောင် ပျောက်ဆုံးနေသည်ကို လိုက်လံရှာဖွေစဥ် ရွာနှင့် (၃)မိုင်ခန့်ဝေးသော တောတွင်းတစ်နေရာ၌ မိုင်းနင်းမိကာ ပေါက်ကွဲခဲ့ရာမှ  ယာဘက် တင်ပါးနှင့် ပေါင်တို့၌ မိုင်းစထိမှန်ခဲ့ခြင်းဖြစ်သည်။

မိုင်းစထိမှန်ခံရသူအား ကျောက်မဲမြို့ရှိ နမ့်ခုံးရှမ်းများပရဟိတအသင်းက သွားရောက်သယ်ဆောင်ကာ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံသို့ ညပိုင်း၌ ပို့ဆောင်ပေးထားပြီး ဆေးကုသမှုခံယူ လျက်ရှိသည်။

မိုင်းစထိမှန်ထားသည့် စိုင်းသိန်းအောင်အား နမ့်ခုံးရှမ်းများပရဟိတအသင်း(ကျောက်မဲ)က ကျပ်(၃၀၀၀၀)ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။

ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာ အနီးတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့ကစတင်၍ RCSS နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် တော့ဆန်ဒေသမှ တအာင်းဒေသခံများသည် အုမ်းငန်း ကျေးရွာသို့ စစ်ဘေးတိမ်းရှောင်နေရသည်မှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်းလည်း သိရသည်။

 

Tachileik News Agency

သတင်း - နေဖြိုးမြင့်

ဓါတ်ပုံ - နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲ

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...