ရှမ်း - ကယားနယ်စပ်တွင် အာဏာသိမ်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည် တစ်ဦးသေပြီး တစ်ဦး ဒဏ်ရာရ

ရှမ်း - ကယားနယ်စပ်တွင် အာဏာသိမ်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည် တစ်ဦးသေပြီး တစ်ဦး ဒဏ်ရာရ
အောက်တိုဘာ 29, 2021 | ရှမ်းတောင်| ကယား

ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့တွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး(၁)ဦး သေဆုံးပြီး အမျိုးသား(၁)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

လက်နက်ကြီးကျည် ထိမှန်သူများတွင် မိုးဗြဲမြို့ စည်ကား(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးမှာ သေဆုံးသွားပြီး ပေါ်ဦး(၂)ရပ်ကွက်နေ အမျိုးသားတစ်ဦးမှ ဒဏ်ရာရရှိ၍ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ 

ယနေ့ အောက်တိုဘာလ(၂၉)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်ကစပြီး အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ မိုးဗြဲအခြေစိုက် အမှတ်(၄၂၂)တပ်ရင်းက မြို့တွင်း ရပ်ကွက်ရှိ လူနေအိမ်များသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး အာဏာသိမ်းအကြမ်းဖက် စစ်တပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ရေးဆိုင်ရာ ရပ်ဆိုင်းထားမည်ဟု ကြေညာထားသည့် အာဏာသိမ်း အကြမ်းဖက် စစ်တပ်သည် ရှမ်း - ကယားနယ်စပ်တစ်လျှောက် အင်အားများဖြင့် ထိုးစစ်ဆင်နေကြောင်း သိရသည်။

 Photo: Mobye Rescue Team