လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ မိန်းမဖြစ်သူက ခင်ပွန်းအား ဓါးဖြင့် ခုတ်သတ်

လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ မိန်းမဖြစ်သူက ခင်ပွန်းအား ဓါးဖြင့် ခုတ်သတ်

လင်မယားချင်း စကားများရန်ဖြစ်ပြီး မယားဖြစ်သူက နှီးဖြာဓားမနှင့်ခုတ်သဖြင့် လင်ဖြစ်သူ လည်ပင်း၌ ဓားခုတ်ဒဏ်ရာများရရှိသေဆုံးသည့် ဖြစ်စဉ်တစ်ခု မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ဇန်နဝါရီလ (၁၃)ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပန်းသွင်းကြီးကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာနေ ကိုသိန်းကြိုင် မှာ ဇန်နဝါရီလ (၁၃)ရက် ည(၈)နာရီခွဲဝန်းကျင်က အရက်သေစာသောက်စားမူးယစ်၍ နေအိမ်သို့ပြန်လာပြီး ဇနီးဖြစ် သူ မဌေးလှိုင် ကို “ဟေ့ကောင်မ ဘာလုပ်နေတာတုန်း လာခဲ့ဦး” ဟု ခေါ်ယူရာ မဌေးလှိုင်က ထမင်းချက်နေ၍ မလာနိုင်ကြောင်းပြောရာမှ အပြန်အလှန် မခံချင်အောင်ပြောဆိုကာ စကားများရန်ဖြစ်ကြခြင်းဖြစ်ကြောင်း သိရသည်။

ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ၏ ဦးခေါင်းနှင့်မျက်နှာတစ်ဝိုက်ကို လက်သီးနှင့်ထိုးကြိတ်သဖြင့် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ၏ ငယ်ပါကိုဆောင့်ဆွဲ၍ လဲကျနေစဉ် နေအိမ်အောက်ထပ်ရှိ နှီးဖြာရာတွင် အသုံးပြုသည့် ဓားမနှင့် ခင်ပွန်းဖြစ်သူ၏ လည်ပင်းတစ်ဝိုက်အား (၅)ချက်ခန့် ခုတ်လိုက်ခြင်းဖြစ်ကြောင်း မဌေးလှိုင်၏ ထွက်ဆိုချက်အရ သိရသည်။

ကိုသိန်းကြိုင်မှာ လည်ဂုတ် ဝဲ/ယာ၌ ရရှိသော ဓားဒဏ်ရာများဖြင့် သေဆုံးသွားသည်ကို မဌေးလှိုင်က ဂွေးကုန်းကျေးရွာ၏ ရွာခွဲတာဝန်ခံ ဦးဝင်းလှိုင်မင်းထံ သွားရောက်အသိပေး အကြောင်းကြားခဲ့သဖြင့် တောင်တွင်းကြီးမြို့ မြို့မရဲစခန်းသို့ ဆက်လက်သတင်းပို့ခဲ့ရာ စခန်းမှူး ဒုရဲမှူး အေးခင်မောင် နှင့် ရဲတပ် ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်အပေါ် “ဇနီးမယားကို နိုင်တိုင်းကျင့်ရင် လူတိုင်းမှာ ဒေါသရှိတယ်။ မိန်းမသားမှာလည်း ဓားကိုင် တဲ့လက်ရှိလို့ သတိပြုဆင်ခြင်သင့်တယ်”ဟု  မကွေးခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သုံးသပ်ပြော ကြားသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်တွင်းကြီးမြို့ မြို့မရဲစခန်းမှ အသက် (၄၄)နှစ်အရွယ်ရှိ မဌေးလှိုင် အား (ပ)၁၈/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

သတင်း-ဖီးနစ်

ဓာတ်ပုံ-ရဲစခန်း

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...