မကွေးတိုင်းဒေသကြီးအတွင်း အသစ်ထပ်တိုးသည့် Covid-19 အတည်ပြုလူနာ(၃၂)ဦးတွင် အနံ့ပျောက်နေသည့် ကျန်းမာရေးဝန်ထမ်း (၁)ဦးပါဝင်

မကွေးတိုင်းဒေသကြီးအတွင်း အသစ်ထပ်တိုးသည့် Covid-19 အတည်ပြုလူနာ(၃၂)ဦးတွင် အနံ့ပျောက်နေသည့် ကျန်းမာရေးဝန်ထမ်း (၁)ဦးပါဝင်
ဇန်နဝါရီ 5, 2021 | Covid-19| အခြားဒေသများ

မကွေးတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ(၄)ရက်နေ့ ညပိုင်းအထိ အသစ်ထပ်တိုးသည့် Covid-19 အတည်ပြုလူနာ (၃၂)ဦးတွင် အနံ့ပျောက်နေသည့် ကျန်းမာရေးဝန်ထမ်း(၁)ဦး ပါဝင်ကြောင်း သိရသည်။

ဒီနေ့တွေ့ရှိတာနဲ့ဆို မကွေးတိုင်းပြည်သူ့ဆေးရုံကြီးက ဆရာဝန်(၂)ဦးနဲ့ သူနာပြု(၄)ဦး အထိ ပိုးကူး စက်ခံခဲ့ရပါတယ်

ဟု တိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းဝင်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည့် RDT နှင့် NHL results တို့ အရ COVID-19 အတည်ပြုလူနာတွေ့ရှိမှုမှာ မင်းဘူး (၁)ဦး၊ စလင်း (၁)ဦး၊ အောင်လံ (၄)ဦး၊ မကွေး (၅)ဦး၊ တောင်တွင်းကြီး (၅)ဦး၊ ပခုက္ကူ (၂)ဦး၊ ချောက် (၁၃)ဦး၊ ရေနံချောင်း (၁)ဦး တို့ဖြစ်ရာ မကွေး (၅)ဦးအနက်မှ တစ်ဦးမှာ တိုင်းပြည်သူ့ဆေးရုံမှ အနံ့ပျောက်လက္ခဏာရှိ သူနာပြုဆရာမဖြစ်ကြောင်း သိရသည်။ 

တွေ့ရှိရသော အတည်ပြုလူနာများအနက် ပိုးတွေ့အတည်ပြုလူနာနှင့်ထိတွေ့၍ ကူးစက်ခံရသူ (၂၂)ဦး၊ အနံ့ပျောက်လက္ခဏာ (၅)ဦး၊ ကျန်သူများမှာ ယာဉ်မောင်းနှင့်   Quarantine Centre များမှဖြစ်ကြောင်း သိရပြီး မကွေးတိုင်း ဒေသကြီးအတွင်း ဇန်နဝါရီလ(၄)ရက် ည (၉)နာရီအချိန်ထိ ပိုးတွေ့လူနာစုစုပေါင်း (၂,၆၄၁)ဦးအထိ ရှိလာကာ ဆေးရုံတက်ရောက်ဆဲလူနာ (၂၅၃)ဦး၊ သေဆုံးသူ (၇)ဦး ရှိကြောင်း သိရသည်။

သင်ကြားရေးဆေးရုံမှ ဆေးပညာပါမောက္ခ၊ ကင်ဆာရောဂါအတိုင်ပင်ခံအထူးကုနှင့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၏ တစ်လတိတိ အောက်ဆီဂျင်ပေး၍ ကြိုးပမ်းကုသပေးနိုင်ခဲ့မှုဖြင့်  ကင်ဆာ ရောဂါ၊ သွေးဖြူဥအားနည်းရောဂါ ရှိသူ အသက်(၆၅)နှစ်အရွယ်  ပြင်းထန်ကိုဗစ်လူနာတစ်ဦး ဇန္နဝါရီလ (၄)ရက်နေ့တွင် အခြေအနေကောင်းမွန်စွာဖြင့် ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

Tachileik News Agency

သတင်း/ဓာတ်ပုံ-ဖီးနစ်

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...