တာချီလိတ်မြို့သို့ ရှမ်းပြည်နယ်တွင်းမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာသူအားလုံး Facility Quarantine ဝင်ရမည်

တာချီလိတ်မြို့သို့ ရှမ်းပြည်နယ်တွင်းမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာသူအားလုံး Facility Quarantine ဝင်ရမည်
စက်တင်ဘာ 27, 2020
By Tachileik News Agency
တာချီလိတ်မြို့သို့ ရှမ်းပြည်နယ်တွင်းမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာသူအားလုံး Facility Quarantine ဝင်ရမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သူအားလုံးနှင့် မည်သည့် အရပ်ဒေသမှလာရောက်ကြောင်း ထောက်ခံစာမပါသူများ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့မှစ၍ မည်သည့်လမ်းကြောင်းမှ လာသည်ဖြစ်စေ သတ်မှတ်နေရာ၌ စားစရိတ်ကျခံ၍ Quarantine (၁၄) ရက် နေထိုင်ရမည်ဖြစ်သည်။
"ကျွန်တော်တို့ကို ညွှန်ကြားထားတာကတော့ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးက လာသူတွေကို Quarantine ထားဖို့ သတ်မှတ်ထားတယ်"ဟု တာချီလိတ်ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
COVID 19 ကူးစက်ခံထားရသူများ ရှိပါက  အခြားသူများသို့ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်နှင့် ဆောလျင်စွာ စစ်ဆေးတွေ့ရှိနိုင်ရန်အတွက် တာချီလိတ်မြို့တွင်းသို့  ဝင်လာသူအားလုံးကို မြို့အဝင်၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီသူများပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် နေ့စဉ် ခရီးသွားရာဇဝင်ကောက်ယူခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။
"ဒီမှာဝင်လာသူအားလုံးကို ခရီးသွားရာဇဝင် စစ်ဆေးတယ်။ Quarantine သတ်မှတ်ထားတဲ့ဒေသက လာတယ်ဆိုရင် ကျန်းမာရေးနဲ့ ထွေအုပ်ကို ဖုန်းဆက်ပေးတယ်။ သူတို့ရောက်လာပြီး ကျန်းမာရေးက ခရီးသွားရာဇဝင်ထပ်စစ်တယ်။ Quarantine ထားဖို့ လိုတယ်ဆိုရင် ဆေးရုံကားနဲ့ Quarantine Center ပို့ပေးတယ်။ ခရီးသွားရာဇဝင်စစ်တော့ တစ်ချို့တွေက လိမ်ညာပြောကြတယ်။ ကိုယ့်ဒေသတွင်း COVID 19 ကာကွယ်ရေးအတွက် လုပ်ရတာမို့ ခရီးသွားရာဇဝင်လိမ်ညာတာတွေ မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။"ဟု တာချီလိတ်မြို့ဝင်တွင် ခရီးသွားရာဇဝင်စစ်ဆေးရေးစခန်း၌ ကူညီဆောင်ရွက်ပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြည်တွင်းခရီးများမှလာ၍ facility quarantine နေထိုင်သူများအနေဖြင့် (၁၄) ရက် quarantine နေထိုင်စဉ်ကာလအတွင်း စားသောက်စရိတ်ကို မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်ပြီး COVID 19 ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းကို အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယခင်က တာချီလိတ်မြို့သို့ ရခိုင်ပြည်နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မြင်းခြံမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကဝမြို့နယ်များမှ လာရောက်သူများနှင့် မိမိတို့ မည်သည့် အရပ်ဒေသမှလာကြောင်း ရပ်/ကျေးထောက်ခံစာ မပါသူများ သတ်မှတ်နေရာတွင် မိမိစရိတ်ဖြင့် Quarantine (၁၄)ရက်နေထိုင်ရန် သတ်မှတ်ထားရာမှ ရှမ်းပြည်နယ်တွင်းမှလွဲ၍ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို စက်တင်ဘာလ (၂၇)ရက်နေ့မှစ၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
 ပြည်တွင်းကူးစက်မှုတိုးလာခြင်း၊ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူများ တွေ့ရများလာခြင်းတို့ကြောင့် COVID 19 ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် ဒေသများအလိုက် အခြားဒေသများမှ ဝင်လာသူများအား အသွားအလာကန့်သတ်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းကို လုပ်ဆောင်လာခြင်းဖြစ်သည်။
တာချီလိတ်သို့ မည်သည့်အရပ်ဒေသမှ လာရောက်သည်ဖြစ်စေ သက်ဆိုင်ရာဒေသမှ ရပ်/ကျေးထောက်ခံစာများ ယူလာရန်လိုအပ်ပြီး  ထောက်ခံစာမပါပါက quarantine ဝင်ရန်သတ်မှတ်ထားသည့်ဒေသမှ လာသည်ဟု သတ်မှတ်ကာ quarantine ဝင်စေမည်ဖြစ်ပြီး ငြင်းဆန်ပါက တာချီလိတ်မြို့သို့ ဝင်ခွင့်ပေးမည်မဟုတ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~